“မက်ဆီဟာ လစာလျော့ယူဖို့ ဘယ်တုန်းကမှ မငြင်းဖူးပါဘူး” – ဘာစီလိုနာဥက္ကဌ

“မက်ဆီဟာ လစာလျော့ယူဖို့ ဘယ်တုန်းကမှ မငြင်းဖူးပါဘူး” – ဘာစီလိုနာဥက္ကဌ

ဘာစီလိုနာအသင်းကစားသမားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအကြားက တင်းမာမှုဟာ လစာလျော့ယူမှုနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ပေါ်နေခဲ့တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေဟာ COVID-19 ကြောင့် ကစားသမားတွေအနေနဲ့ လုပ်ခလစာကို (၇၀)ရာခိုင်နှုန်းအထိ လျော့ယူကြဖို့ ဆွေးနွေးခဲ့ကြပြီး ထုံးစံအတိုင်းပဲ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာစီလိုနာအသင်းဥက္ကဌ ဘာတိုမြူက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရားဝင် ဖြေရှင်းလိုက်ပါပြီ။ သူက ဘာစီလိုနာ ကစားသမားတွေအနေနဲ့ လစာလျော့ယူဖို့ အားလုံး သဘောတူထားကြကြောင်းနဲ့ မက်ဆီအနေနဲ့လည်း သဘောတူခဲ့ကြောင်း ဖွင့်ဟလိုက်တာပါ။

ဘာတိုမြူက မက်ဆီဟာ ကစားသမားတွေ လစာလျော့ယူသင့်တယ်ဆိုတဲ့ အဆိုကို အသင်းရဲ့ တာဝန်ရှိသူတွေဆီ တင်ပြခဲ့တဲ့သူဖြစ်ပြီး သူ့ရဲ့လစာငွေကို လျော့ယူပေးမယ်လို့ ကျေကျေနပ်နပ် ကမ်းလှမ်းခဲ့သူဖြစ်ကြောင်း ပြောပြသွားတာပါ။

Marca နဲ့ အင်တာဗျူးမှာ ဘာတိုမြူက “တစ်နေ့မှာတော့ မက်ဆီက ကစားသမားအနေနဲ့ လစာလျော့ယူသင့်တယ်ဆိုတဲ့အကြောင်း ကျွန်တော့်ကို ပြောပြလာတာပါ၊ ဒီ စိတ်ကူးဆန္ဒက အသင်းကို ချစ်မြတ်နိုးတဲ့စိတ်ကို ဖော်ပြနေပြီး အသင်းနဲ့ပတ်သက်တဲ့သူတွေအားလုံးကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့တာပါ။

မက်ဆီ ကိုယ်တိုင်ကလည်း ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ အခြား စီနီယာအသင်းဖော်တွေဆီကို စာပို့ပေးခဲ့ပြီး ဒီလိုအခြေအနေမှာ လစာလျော့ယူခြင်းဟာ ကလပ်အသင်းကို ကူညီတာဖြစ်ကြောင်းနဲ့ ကလပ်အသင်းရဲ့ ဝန်ထမ်းတွေကိုလည်း ကူညီရာရောက်ကြောင်း ရေးသားသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

စပိန်နိုင်ငံတွင်းမှာတော့ လက်ရှိမှာ COVID-19 ကြောင့် စပိန်နိုင်ငံတွင်းမှာ သေဆုံးသူ (၇၇၁၆)ဦးအထိ မြင့်တက်လာခဲ့ပြီး ရောဂါကူးစက်ခံထားရသူပေါင်း (၈၇၅၉၆)ယောက်အထိ ရှိနေခဲ့တာပါ။

စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ လာလီဂါ တာဝန်ရှိသူတွေက ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲတွေကို အချိန်အကန့်အသတ်မရှိ ရပ်နားထားခဲ့ပြီး ကျန်းမာရေးအခြေအနေတွေ ပြန်လည်တည်ငြိမ်လာမှပဲ ဘောလုံးပွဲတွေ ကစားစေတော့မှာဖြစ်တယ်လို့  ကြေညာထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly