COVID-19 နံပါတ် ငါးလူနာ သေဆုံး၊ ရောဂါအခံကြောင့်ဟု ဒေါက်တာခင်ခင်ကြီး ပြော

COVID-19 နံပါတ် ငါးလူနာ သေဆုံး၊ ရောဂါအခံကြောင့်ဟု ဒေါက်တာခင်ခင်ကြီး ပြော

ရန်ကုန်၊ မတ် ၃၁။                ။ COVID-19 ကူးစက်ခံထားရသည့် အတည်ပြုလူနာ  နံပါတ် ၅ သည် ဒီကနေ့ နံနက် ၇နာရီက သေဆုံးသွားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက "ဒီလူနာဟာ နဂိုကတည်းက စလာကတည်းက အခြေအနေမကောင်းဘူး။ ဒီလောက်ထိဆွဲဆန့်ထားနိုင်တယ်ဆိုတာကလည်း ဆရာဝန်တွေ၊ဆရာမတွေ အကုန်လုံးကလည်း အတတ်နိုင်ဆုံးရအောင် ကုသပေးခဲ့ပါတယ်။ သူက COVID-19ကြောင့် သေတာမဟုတ်ပါဘူး။ နဂိုရှိတဲ့ရောဂါအခံတွေကြောင့် သေဆုံးရတာဖြစ်ပါတယ်။"ဟု ပြောသည်။

ထိုလူနာသည် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အသက် ၆၉ နှစ်အရွယ်အမျိုးသားဖြစ်ကာ ကင်ဆာရောဂါအခံရှိသူဖြစ်သည်။

ထိုလူနာသည် နှာခေါင်းကင်ဆာကြောင့် သြစတြေးလျနိုင်ငံမှာ တစ်လလောက်ကုသမှုခံယူခဲ့ကာ စင်ကာပူမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက "နံပါတ်၅ လူနာက နဂိုကတည်းက နှာခေါင်းကင်ဆာကလည်းရှိတယ်။ အဲ့ဒီအတွက် ဓာတ်ရောင်ခြည်ကုသမှုကလည်းခံယူထားရတယ်။ နဂိုကတည်းက သူ့အဆုတ်တွေကလည်း မကောင်းဘူး။ နောက်ဆက်တွဲရောဂါတွေကြောင့် ဆုံးတာပေါ့နော်"ဟု ဆိုသည်။

ထိုလူနာ၏ သားဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၁၀နှင့်လည်း အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားပြီး လက်ရှိတွင် ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုခံယူလျက်ရှိသည်။

ထိုလူနာသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် COVID-19 စောင့်ကြည့်လူနာအဖြစ် အထူးကြပ်မတ်ခန်း (ICU) တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ Covid 19 ရောဂါပိုး တွေ့ရှိ ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly