COVID-19 နှင့် ရွှေ့ပြောင်းလုပ်သားများ

ကျွန်မတို့မြန်မာနိုင်ငံဟာ မြို့ပြဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မည်သို့ပင်နောက်ကျသည်ဆိုစေ ရှိနေတဲ့မြို့ပြနေရာလေးမှာတော့ ဖွံ့ဖြိုးတဲ့မြို့ပြတိုင်းမှာ ခံစားရတဲ့ ပြသနာတွေကို  ခံစားရတာပါပဲ။ အထူးသဖြင့် ကျူးကျော်လို့ပြောတဲ့ စာရင်းမဲ့အခြေချနေထိုင်သူများပဲ ဖြစ်ပါတယ်။

မြို့ပြကျေးလက် ဖွံ့ဖြိုးမှုမညီမျှတာ၊ ကျေးလက်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေကနေ အကျိုးဖြစ်ထွန်းမှုအားနည်းလာတာနှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းပိုမိုလေ့ရှိတဲ့ မြို့ပြဆီကို ရွှေ့ပြောင်းလာတာ၊ မြို့ပြရဲ့အခြေခံအလုပ်သမားများအတွက် နေရာထိုင်ခင်း စျေးကြီးတာ စတဲ့အချက်တွေကြောင့် ကျူးကျော်တွေ ရှိလာတာများပါတယ်။

အခြားအကြောင်းတွေ ရှိနေသေးနိုင်သော်လည်းပဲ အဲဒီအခြားအကြောင်းတွေဟာ ရာခိုင်နှုန်းနည်းပါတယ်။

ကျူးကျော်တွအပြင် တခြားသော ပြောင်းရွှေ့အခြေချ နေထိုင်ကြသူတွေ လည်းရှိကြပါတယ်။

ကျူးကျော်ပဲ ဖြစ်ဖြစ်၊ ပြောင်းရွှေ့အခြေချသူတွေပဲဖြစ်ဖြစ်၊ မည်သို့ပင်ဆိုစေ၊ အဲသလို ပြောင်းရွှေ့အခြေချကြသူတွေဟာ ရန်ကုန်မြို့ပြရဲ့ အစွန်၊ စက်မှုဇုံတွေ အများအပြားရှိတဲ့ မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ၊ မဂ်လာဒုံ ၊ ရွှေပြည်သာ နှင့် လှိုင်သာယာတွေ မှာ အစုအပြုံနဲ့ အများအပြား ရှိနေကြပါတယ်။

သူတို့တစ်တွေဟာ Formal and informal employment (တရားဝင်အလုပ်အကိုင်များနှင့် ပျံကျ အလုပ်အကိုင်များ) များအတွက် အဆင်သင့်ဖြစ်နေကြတဲ့ လုပ်အားတွေဖြစ်ပြီးတော့ ၊ မြို့ပြတွေမှာလိုအပ်နေမြဲဖြစ်တဲ့အခြေခံ လုပ်သားတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဒီရွှေ့ပြောင်းအခြေချ သူ တွေဆီက နေ ရတာပါ။

မြို့ပြရဲ့ စီးပွားတိုးတက်နေတဲ့အချိန်မှာ ဒီလုပ်အားတွေဟာ နေသာထိုင်သာရှိသယောင် ဖြစ်ပေမယ့်၊ အခုလိုမျိုး ကမ္ဘာ့နေရာအနှံ့အပြားရင်ဆိုင်နေရတဲ့ COVID-19 Crisis (အကြပ်အတည်း) ကာလမှာ တော့ အခုလို ရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့ဘဝဟာ အင်မတန်ကို အန္တရာယ်များပါတယ်။

သူတို့ တစ်တွေနေထိုင်တဲ့နေရာတွေဟာ လူနေထူထပ်သိပ်သည်လွန်းလှပါတယ်။ ၁၀ ပေ ၁၅ ပေ ပါတ်လည်လောက် ရှိတဲ့အခန်းလေးထဲမှာ မိသားစု တွေ စုနေရတာမျိုး ဒါမှမဟုတ် အဆောင်လို လူအများစု နေကြတာ ဖြစ်တဲ့အတွက်ရော၊ ကျန်းမာရေးနှင့်ညီညွတ်တဲ့ ရေနှင့် သန့်ရှင်းမှု တွေ မရှိတဲ့ အတွက်ပါ ဘယ်လိုရောဂါဘယမျိုးမဆို အင်မတန်ကူးစက်လွယ်မှာဖြစ်ပါတယ်။

သူတို့တစ်တွေဟာ တစ်နေ့ လုပ်မှ တစ်နေ့ စားရသူတွေလို့အလွယ်ပြောလို့ ရပါတယ်။ မိသားစု နေ့စဥ် လုံလောက်စွာစားသောက်နိုင်ဖို့ကို နေ့စဥ် မိသားစုအားလုံးအလုပ်လုပ်ကြရတာဖြစ်တာကြောင့် အခုလို အလုပ်အကိုင်တွေ ရပ်နား၊ အခွင့်အလမ်းတွေနည်းပါးတဲ့အချိန်မှာတော့ အခုလို အခြေခံ အလုပ်သမားမိသားစုတွေအတွက် ခက်ခဲလှတဲ့အခြေအနေမျိုးဖြစ်ပါတယ်။
 
Living Pay cheque to pay cheque (တစ်နေ့ နှင့် တစ်နေ့ ဒါမှမဟုတ် တစ်လ နှင့်တစ်လ အလျင်မှီအောင်) မနည်းအသက်ဆက်နေကြရသူတွေဖြစ်တာကြောင့် သူတို့မှာ အပိုစုဆောင်းငွေ မရှိကြပါဘူး။ အလုပ်မလုပ်ရင် စားစရာမရှိကြတဲ့သူတွေဖြစ်တာကြောင့် အခုလို အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးကြပ်တည်းပြီး အလုပ်သမားတွေကို လျော့ချနေကြတဲ့ အချိန်မျိုးမှာတော့ သူတို့အတွက် အားရှိအောင်စားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်စုံတစ်ခုဖြစ်လာခဲ့ရင်လည်း ဆေးရုံဆေးခန်းထက် ကြိတ်ကုကြမယ့်သူတွေများပါလိမ့်မယ်။

မြို့ပြမှာနေထိုင်ကြသူတွေဟာ ဆေးရုံဆေးခန်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေနှင့် မဝေးကွာလှပေမယ့် အခုလို လူနေထူထပ်လှတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက်ရော လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာတွေ ရှိရဲ့လား၊ လုပ်ဖြစ်ရဲ့လားဆိုတာ တွေကလည်း စိုးရိမ်စရာမေးခွန်းတစ်ခုဖြစ်ပါတယ်။ ပြီးတော့ နှာခေါင်းစီး (Masks) တွေ ရော လုံလောက်စွာရနိုင်ဖို့၊ နွေရာသီဖြစ်တဲ့အတွက် လက်ဆေးဖို့ရော ရေလုံလုံလောက်လောက်ရှိနိုင်ဖို့ ဆိုတာတွေဟာ ဆင်းရဲပြီးတော့ လူနေထူထပ်တဲ့ ပါတ်ဝန်းကျင်အတွက် လွယ်ကူလှတာတော့မဟုတ်လှပါဘူး။

အခုလို COVID -19 ကမ္ဘာ့ကပ်ရောဂါအဖြစ်ကြေငြာလိုက်လို့ နိုင်ငံအတော်များများ Lockdown ချ ပြီးတော့ စီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းကုန်ကြတဲ့ အခြေအနေမှာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ Lockdown ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အစုလိုက်အပြုံလိုက်နေရပ်ပြန်ကုန်ကြပြီးတော့၊ India နိုင်ငံမှာတော့ Lockdown ချလိုက်တော့ မှ ကျေးလက်ကနေ မြို့ပြကို ရွှေ့ပြောင်းအချေချသူတွေ  သန်းနဲ့ချီပြီး ပြန်လည်ပြောင်းရွှေ့ကုန်တာမျိုးတွေ ဖြစ်ကြပါတယ်။ ရန်ကုန်မြို့ လို မြို့ကြီးများအနေနှင့်  ကျူးကျော်ရပ်ကွက်တွေ နှင့် ပြောင်းရွှေ့လုပ်သားတွေ ရဲ့  ပြောင်းရွှေ့မှုတွေ လည်းဖြစ်လာနိုင်တာကြောင့် Mass Mobility လို့ ခေါ်တဲ့ အမြောက်အများရွှေ့လျားသွားလာမှုတွေ ရှိလာနိုင်ပါတယ်။

စာရေးသူ က အမျိုးသမီးဆိုတော့ အကျီ် ချုပ်ရတာ မဖြစ်မနေ ကိစ္စတစ်ရပ်မို့  အကျီ် ချုပ်ပေးနေကျ ဒီဇိုင်နာ ညီမလေးရှိပါတယ်။ သူ့ဆိုင် က အကူကလေးတွေ က မြစ်ဝကျွန်းပေါ်ဖက် က မို့ အခုလို lockdown ရယ်လိုမကြေငြာခင်မှာတောင် ဆိုင်တွေ ပိတ်၊ ရုံးတွေ ပိတ်ကုန်ကျတဲ့အတွက် သူတို့လည်း ပိတ်မှ ဖြစ်တော့မယ် ၊ အကျီ်လာအပ်တဲ့သူလဲမရှိတော့ဘူး၊ အကူကလေးတွ လည်း (စိုးရိမ်လို့ရော အလုပ်ပါးလို့ပါ)ပြန်ချင်နေကြတယ် လို့ ပြောလာပါတယ်။

စာရေးသူတို့ ရုံးက အငယ်ဆုံးအလုပ်သင် ညီမလေး၊ အသက် ၂၂ အရွယ် ကျောင်းပြီးကာစ မြစ်ဝကျွန်းပေါ်သူလေးဟာ Covid 19 ကို မြန်မာပြည်မှာ စတွေ့ တဲ့နေ့ က ပဲ သူ့အိမ်က အတင်းပြန်ခေါ်လို့ ပြန်သွားရရှာပါတယ်။ အဲသလို အလားတူ လုပ်ငန်းတွေ အများအပြားရှိမှာပါပဲ။

ဒီအချက်တွေဟာ အခုလက်ရှိအခြေအနေ ပေါ်မှာ လေ့လာလို့ ရသလောက် ပဲ ရှိပါသေးတယ်။

အခြေအနေတွေ အမြန်ဆုံးပြန်ကောင်းလာရင်တော့ အကောင်းဆုံးဆိုပေမယ့် အခုလက်ရှိအခြေအနေထက်ပိုဆိုးသွားခဲ့ရင်တော့ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေဆိုးတွေကို ထိန်းသိမ်းနိုင်ပါ့မလား။

တစ်နယ်တစ်ကြေးကို သူကောင်းဖြစ်ဖို့ ပြောင်းလာကြသူတွေအနေနှင့်လည်း ဒုက္ခရယ်လို့ ကြုံလာရင် မွေးရပ်မြေကိုသာ ပြန်ချင်ကြမှာပါပဲ။  

ဘာပဲပြောပြော မြို့ကြီးပြကြီးမှာ  ဒုက္ခရောက်ရင် သူဆင်းရဲ က အရင် ဒုက္ခရောက်ရတာဖြစ်ပြီး သူတို့အတွက် အစစ (အစားအသောက်၊ အနေ အထိုင်) ဆင်းရဲ ခက်လှပါတယ်။

နိုင်ငံအတွင်း COVID-19 case တွေ များလာနှင့်အမျှ အားလုံးက Lockdown လုပ်ပါတော့လို့ ပြောနေကြပေမယ့် ကျွန်မတို့ ရဲ့ နိုင်ငံမှာ အမှန်တကယ် Lockdown လုပ်လို့ ရနိုင်ပါရဲ့လား။

ကျွန်မတို့နိုင်ငံနှင့်ယှဉ်ရင် မြို့ပြဆင်းရဲမွဲတေမှုနှင့် ရွှေ့ပြောင်းလုပ်သားနည်းပါးတဲ့ ဂျာမဏီမှာတောင် COVID-19 ရဲ့အကြပ်အတည်းကို ခံနိုင်ရည်မရှိလို့ ဝန်ကြီးတစ်ယောက် က ကိုယ့်ကိုယ်ကို သတ်သေတာ ကို သတင်းမှာ ဖတ်လိုက်ရပါတယ်။

ကျွန်မတို့ရဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကရော အခုလို အကြပ်အတည်းကာလအတွက် ကြံကြံခံနိုင်မယ့် အစိုးရဖြစ်ပါပြီလား။

သတ္တဝါအပေါင်း အေးချမ်းကြပါစေ
လူသားများလည်းကျန်းမာ ချမ်းသာ ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags