ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းတွင် နော်ဝေဦးဆောင်၊ အာရှတွင် စင်ကာပူက ထိပ်တန်းဖြစ်

ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းတွင် နော်ဝေဦးဆောင်၊ အာရှတွင် စင်ကာပူက ထိပ်တန်းဖြစ်

စင်ကာပူ၊ နိုဝင်ဘာ ၂ ။          ။ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းအတွက် နိုင်ငံ၁၄၂ခုအား စစ်တမ်းကောက်ယူမှုတစ်ခုတွင် စင်ကာပူက အာရှတွင် နောက်တစ်ကြိမ် ထိပ်တန်းစာရင်း ဝင်လာပြန်သည်။

ကမ္ဘာ့အဆင့်တွင် စင်ကာပူက အဆင့် ၁၇ ရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ခုတက်လာသည်။ ကမ္ဘာလုံးဆိုင်ရာချမ်းသာကြွယ်ဝမှု အညွှန်းကိန်း 2015 Prosperity Index ကို လန်ဒန်အခြေစိုက် ပညာရှင်အကြံပေးအဖွဲ့ Legatum Institute က နိုဝင်ဘာ ၂တွင် ထုတ်ပြန်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင်မူ စင်ကာပူက အဆင့်-၃ နေရာတွင် ရှိနေခဲ့ပြီး နယူးဇီလန်က အဆင့်-၄နှင့် သြစတြေးလျက အဆင့်-၁၂ အသီးသီးရရှိထားသည်။

ကဏ္ဍ ရှစ်ခုတွင် မည်သည့်နေရာမှ ပထမမစွဲသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ နော်ဝေက ထိပ်တန်းနေရာတွင် ရှိနေသည်။ သို့သော်လည်း နော်ဝေသည် ကဏ္ဍအားလုံးအတွက် ထိပ်တန်း ၁၀ ထဲတွင် အဆင့်ချိတ်နေခဲ့သည်။

ကမ္ဘာ့အဆင့်တွင် စင်ကာပူကို အဆင့်-၁၇ ချိတ်စေခြင်းမှာ စီးပွားလုပ်ကိုင်ဆောင်ရွက်ရန် ကောင်းမွန်သည့် အညွှန်းကိန်းကြောင့်ဖြစ်သည်။ ယင်းကဏ္ဍတွင် စင်ကာပူသည် လွန်ခဲ့သည့်နှစ်က ပထမချိတ် ခဲ့သည့် ဆွစ်ဇာလန်ကို ကျော်တက်ခဲ့သည်။

ထို့အပြင် စင်ကာပူသည် အလုပ်သမားတစ်ဦးချင်းစီကြွယ်ဝမှုတွင် အမေရိကန်ဒေါ်လာ ၂၄၀,၇၅၀ဖြင့် ကမ္ဘာတွင် ဒုတိယနေရာလိုက်ပြီး လူဇင်ဘတ်က အမေရိကန်ဒေါ်လာ ၂၇၂,၉၃၁ဖြင့် ဗိုလ်စွဲသည်။ စင်ကာပူက အဆင့်မြင့်နည်းပညာပို့ကုန်တွင်လည်း ၄၇ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာအဆင့်တစ်ခုတွင် အခြားအညွှန်းကိန်းများအတွက် စင်ကာပူက စွန့်ဦးတီထွင်လုပ်ငန်းရှင်နှင့် အခွင့်အလမ်းနှစ်ခုစလုံးတွင် အဆင့်-၁၂၊ အုပ်ချုပ်မှုတွင် အဆင့်-၁၃၊ ကျန်းမာရေးတွင် အဆင့်-၁၄၊ ပညာရေးတွင် အဆင့်-၁၅နှင့် လူမှုအရင်းအနှီးကြွယ်ဝမှုတွင် အဆင့်-၂၅ရရှိသည်။

စင်ကာပူ၏ အညံ့ဖျင့်ဆုံးကဏ္ဍမှာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဖြစ်ပြီး ကမ္ဘာတွင် အဆင့်-၃၈သာရရှိသည်။ သို့သော်လည်း ယင်းကဏ္ဍမှာပင် အာရှတွင် အဆင့်-၄ချိတ်သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly