ကမ္ဘာပေါ်မှာ (၁၀)စီးပဲရှိတဲ့ကားတွေထဲက တစ်စီးကို ဝယ်လိုက်နိုင်တဲ့ ရော်နယ်ဒို

ကမ္ဘာပေါ်မှာ (၁၀)စီးပဲရှိတဲ့ကားတွေထဲက တစ်စီးကို ဝယ်လိုက်နိုင်တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို အကြောင်း ပြောကြရင် သူက ကားချစ်သူ တစ်ယောက်ဆိုတာပါ ထည့်ပြီး ပြောရမှာပါ။ ပိုက်ဆံတွေ သန်းချီပြီး ဝင်နေတဲ့ တိုက်စစ်မှူးဟာ သူ့ရဲ့ဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေအတွက် မြှပ်နှံထားသလို တစ်ဖက်မှာလည်း သူဝါသနာပါတဲ့ကားစုဆောင်းရေး အလုပ်ကို ငွေကြေးအကုန်အကျခံပြီး လုပ်ကိုင်နေပါတယ်။

သူပိုင်ဆိုင်ထားတဲ့ ကားတွေရဲ့ တန်ကြေးစုစုပေါင်းက ပေါင် ၁၆ သန်းအထိ ရှိသွားပြီဖြစ်ပြီး အခုနောက်ဆုံးပေါ် Bugatti Centodieci ကား အပါအဝင်ပါ။ ဒီ Bugatti Centodieci ကားက ပေါင် ၈.၅ သန်းတောင် တန်ကြေးရှိတဲ့ကား ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာမှ (၁၀)စီးပဲ ထုတ်တာပါ။

ဒီကားကို ဘီလီယံနာတွေ အများကြီးက လိုက်ပြီး ဝယ်ယူကြပေမယ့် ရော်နယ်ဒိုကတော့ ကံကောင်းသူ(၁၀)ယောက်ထဲက တစ်ယောက် ဖြစ်သွားခဲ့တာပါ။

အသက် (၃၅)နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိအချိန်မှာ ပေါ်တူဂီနိုင်ငံ၊ မာဒီယာမှာ Covid-19 အန္တရာယ်ကို ရှောင်တိမ်းနေခဲ့တာဖြစ်ပြီး မိသားစုနဲ့အတူရှိနေခဲ့တာပါ။

ဘလွန်းဒီအောဆု (၅)ကြိမ်ရရှိထားတဲ့ ရော်နယ်ဒိုဟာ Bugatti ကားတွေကို ရူးသွပ်သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ကားဂိုဒေါင်ထဲမှာ Bugatti Chiron ၊ Bugatti Veyron တို့ရှိနေပြီးသားပါ။ အခု နောက်ဆုံးဝယ်လိုက်တဲ့ ကား ကတော့ ရော်နယ်ဒို ရဲ့ သုံးစီးမြောက် Bugatti စုဆောင်းမှုပဲဖြစ်ပြီး သူ့ရဲ့ ရူးသွပ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကား ကုမ္ပဏီက ရောင်းချလိုက်တာပါပဲ။

အမြင့်ဆုံးအရှိန်အဖြစ် တစ်နာရီကို (၂၃၆)မိုင်အထိ မောင်းနိုင်တဲ့ ဒီကားဟာ ကမ္ဘာ့အကောင်းဆုံး ကားတွေထဲက တစ်စီးအဖြစ် သတ်မှတ်ခြင်းခံထားရတာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ကားဂိုထောင်ထဲမှာ Bugatti တွေအပြင် ဖာရာရီ၊ လမ်ဘိုဂီနီ၊ ရိုးရွိုက်စ်တွေလည်းရှိနေသေးပြီး တကယ့်အကောင်းစားကားတွေမှ တန်းစီနေတာပါပဲ။ ဒါ့အပြင် ပြီးခဲ့တဲ့ မွေးနေ့တုန်းက သူ့ချစ်သူ ဂျော်ဂျီနာဝယ်ပေးထားတဲ့ ပေါင်(၆)သိန်းတန် မာစီဒီးစ်တစ်စီးလည်း ရှိနေသေးပြီး ရော်နယ်ဒိုရဲ့ အကောင်းဆုံး မွေးနေ့လက်ဆောင်ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly