ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် စိတ်ကယောက်ကယက် ဖြစ်ပြီး ဂျာမနီ ဝန်ကြီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် စိတ်ကယောက်ကယက် ဖြစ်ပြီး ဂျာမနီ ဝန်ကြီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

မတ် ၃၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံတွင် ကြုံတွေ့လာရသည့် စီးပွားရေး မတည်မငြိမ်ဖြစ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖိစီးမှုများအပေါ် စိတ်မသက်မသာဖြစ်ပြီး ဂျာမနီ ဝန်ကြီးတစ်ဦး ၎င်းကိုယ်ကိုယ် သတ်သေ သွားခဲ့ ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ Hesse ပြည်နယ်၏ ဘဏ္ဍာရေးဝန်ကြီး ဖြစ်သည့် သောမတ်စ် ရှေးဖာသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေါ်ပေါက်လာသည့် ဘဏ္ဍာရေးအကျပ်အတည်းများနှင့်ပတ်သက်၍ စိတ်ပျက်လက်ပျက် ဖြစ်ကာ ၎င်းကိုယ် ကိုယ် သတ်သေသွားခြင်း ဖြစ်ကြောင်း အဆိုပါ ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဗော်လ်ကာ ဘောင်ဖိုင်ယာက မတ်လ ၂၉ ရက်တွင် ပြောသည်။

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည့် ဘဏ္ဍာရေးဝန်ကြီး ရှေးဖာသည် ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်၏ ကွန်ဆာတေးဗစ်ပါတီတွင် အလားအလာရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို Hesse ပြည်နယ်၏ အုပ်ချုပ် ရေး မှူး ဘောင်ဖိုင်ယာ၏ နေရာကို ဆက်ခံမည့်သူဟု ရှုမြင်ခြင်း ခံထားရသူ ဖြစ်သည်။

အသက် ၅၄ နှစ်ရှိ မစ္စတာ ရှေးဖာသည် ပြည်နယ်တွင်းရှိ စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ရန် စီးပွားရေးဆိုင်ရာ နှိုးဆွအားပေးမှု အစီအစဉ်များကို အပြင်းအထန် အားထုတ်ကြိုးပမ်းပေးခဲ့သော်လည်း ယခုအခါ ၎င်းကိုယ် ကိုယ် အဆုံးစီရင်ကာ အရှုံးပေးသွားခဲ့ခြင်းဖြစ်သည်။

“ သူ့ရဲ့ အဓိက စိုးရိမ်ပူပန်မှုက ပြည်သူတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေကို ပြည့်မီအောင် လုပ်ပေးနိုင်ပါ့မလား ဆိုတာပဲ ဖြစ်ပါတယ်၊ အထူးသဖြင့်တော့ ပြည်နယ်ရဲ့ ဘဏ္ဍာရေးထိခိုက်မှု ကုစားရေး အားထုတ်မှုတွေ နဲ့ပတ် သက်လို့ပေါ့၊ အဲဒီ စိုးရိမ်ပူပန်မှုတွေကပဲ သူ့အပေါ် လွှမ်းမိုးသွားခဲ့ပုံရပါတယ်၊ ခုလို သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့အတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်းနေရပါတယ်” ဟု ပြည်နယ် အုပ်ချုပ်ရေးမှူး ဘောင်ဖိုင်ယာ က ပြောသွားခဲ့သည်။

မစ္စတာ ရှေးဖာ၏ ရုပ်အလောင်းကို ပြီးခဲ့သည့် မတ်လ ၂၈ ရက် မနက်ပိုင်းက ဖရန့်ဖတ်မြို့နှင့် ကိုလုံးမြို့ကို ဆက်သွယ်ထားသည့် အမြန်ရထားလမ်းတစ်ခု၏ ဘေးတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ရှေးဖာသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံမီ စာတစ်စောင် ရေးထားခဲ့ပြီး အဆိုစာထဲတွင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကို ထည့်သွင်းရေးသားထားသည်ဟု ရဲသတင်းရင်းမြစ်များကို ကိုးကား၍ ဂျာမနီ သတင်းစာတစ်စောင်ဖြစ်သည့် Frankfurter Allegemeine Zeitung က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly