လော့ဒေါင်း ချတော့မှာလား

လော့ဒေါင်း ချတော့မှာလား

သန့်ဇော်(သန်လျင်)

ကမ္ဘာကြီးက လုံးရာကပြား ၊ ပြားရာက ရွာကြီးတစ်ရွာ ဖြစ်သွားပါပကော။ နည်းပညာတိုးတက်မှုတွေ ရုပ်ပိုင်းအံ့မခန်း တိုးတက်ဖြစ်ထွန်းမှုတွေလည်း အများအပြားစားသုံးပြီးသွားလို့ မဆင်မခြင် လူတစ်ချို့ကြောင့်ရော လူအစုကြောင့်ရော ကံတရားကြောင့်ပါ  ကျွန်တော်တို့ရွာကြီးမှာ ကပ်ရောဂါကြီး ကျရောက်လို့နေပါပြီ။

ကမ္ဘာ့ရွာလေးတစ်ရွာဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း အဲဒီကပ်ရောဂါ ကျရောက်နေပြီး မကြာခင် ဆုံးရှုံးမှုတွေ ဖြစ်နိုင်မယ့် အရိပ်အယောင်တွေ တွေ့နေမြင်နေရပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ နိုင်ငံတော်အစိုးရမှ စီမံချက်တွေချကာ သက်ဆိုင်ရာတွေနဲ့ ဒေသန္တရအမိန့်တွေချမှတ်ပြီး ဆောင်ရွက်နေပေမယ့် လိုက်နာတဲ့သူတွေ ရှိသလို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြတဲ့သူတွေ၊ တကယ်မသိလို့ မလိုက်နာတဲ့သူတွေနဲ့ သိလျက် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။

နိုင်ငံတကာမှာ ကျွန်တော်တို့ နိုင်ငံထက်စောပြီး COVID – 19 ရောဂါ ဖြစ်ပွားကူးဆက်ကြလို့ တရုတ်၊ အမေရိကန်၊ စပိန်၊ အီတလီနိုင်ငံတို့ ဆိုရင် တော်တော်ဆိုးဆိုးဝါးဝါးတွေ ဖြစ်နေတာတွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ရောဂါကူးဆက်မှု နောက်ဆုံးကျမှ ဖြစ်လို့ ရှေ့မှာ ဖြစ်ပြီးတဲ့နိုင်ငံတွေနဲ့ အကြီးအကျယ်ဖြစ်နေတဲ့ ဖြစ်နေဆဲ နိုင်ငံတွေကို သင်ခန်းစာယူတတ်ရပါမယ်။

ဒီနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်လို့ နိုင်ငံနဲ့အဝန်း လူတိုင်းလက်ကိုင်ဖုန်းကိုယ်စီရှိကြတဲ့ အနေအထားမှာ သူများနိုင်ငံတွေမှာ ဘယ်လိုတွေဖြစ်ခဲ့ကြတယ်၊ ဘယ်လိုတွေဖြစ်နေတယ် ဆိုတာကို သိရှိပြီးဖြစ်လို့ ဒီရောဂါရဲ့ အန္တရာယ်ကြီးမားပုံနဲ့ ဒီရောဂါကူးဆက် မပြန့်ပွားရေးတွေကို လူတိုင်း အသိရှိရှိ သတိရှိရှိ လုပ်ဆောင်ရမယ့် အချိန်ပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်လို့ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေကို လိုက်နာရပါတယ်။ နိုင်ငံတကာ စံသတ်မှတ်ချက်တွေဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ချက်တွေဖြစ်တဲ့ လက်ကို ဘယ်လိုဆေးရတယ်၊ လူစုလူဝေးနေရာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ဖို့၊ ဘယ်အချိန်မှာ သက်ဆိုင်ရာနိုင်ငံတွေက ဘယ်လိုဥပဒေမျိုးထုတ်သင့်တယ်၊ ဘယ်အချိန်တွေမှာ ဘယ်လိုနေရာတွေကို လော့ဒေါင်းလုပ်ရမယ်…စသဖြင့် ရောဂါတွေ့ရှိမှု ကူးဆက်မှုတွေကို ဂရုစိုက်ကြည့်ရှုရင်း ကြေညာချက်တွေ အရေးယူမှုတွေ လုပ်ရမယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရက ခုတလော ဒေသန္တရကြေညာချက်တွေထုတ်ပြီး ချင့်ချင့်ချိန်ချိန်လုပ်နေတာတောင် ပြောင်ဆန့်ကျင်တဲ့ မလိုက်နာတဲ့သူတွေ အများအပြားရှိနေသေးတာကို ဝမ်းနည်းစွာတွေ့ရှိနေရပါတယ်။ ကမ္ဘာ့ကပ်ဘေး ရောဂါန္ထရကပ်ဆိုက်နေတဲ့အချိန်မှာ လူတိုင်းလူတိုင်းဟာ အရင်လောက်အဆင်ပြေမှာ မဟုတ်လို့ အခက်အခဲတွေကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ မိမိအသက်ဘေးတင်မက မိမိရဲ့မိသားစု၊ မိမိရဲ့ပတ်ဝန်းကျင်၊ မိမိရဲ့နိုင်ငံ အားလုံးနဲ့ သက်ဆိုင်နေပါတယ်။

ကမ္ဘာ့ပေါ်ကနိုင်ငံတွေက နိုင်ငံရေး အယူအဆအမျိုးမျိုးရှိကြလို့ ခုလို ရောဂါကာကွယ်ထိန်းချုပ်တဲ့ နည်းစနစ်တွေကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူတာကိုတွေ့ရပါတယ်။ ဥပမာ  ပြည်သူတွေကို ဘယ်စနစ်နဲ့ အုပ်ချုပ်နေ တာလဲ ဆိုတာတွေနဲ့လည်း သက်ဆိုင်နေတာကိုလည်းတွေ့ရပါတယ်။ တရုတ်နိုင်ငံက ရောဂါစဖြစ်တယ်၊ ရောဂါထိန်းချုပ်လို့မရတဲ့အခြေအနေရောက်လာတယ်၊ တခြားနိုင်ငံတွေကိုပါ အမြန်နှုန်းနဲ့ နိုင်ငံပေါင်း ၁၉၀ ကျော် ကူးဆက်ကုန်တယ်၊ အင်္ဂလန်၊ အီတလီ နဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ကူးဆက်နှုန်း ထိတ်ဆုံးမှာရှိနေတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ ကူးဆက်ရောဂါကို ထိန်းချုပ်နိုင်သွားတယ်။ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့ဆိုရင် အသွားအလာတွေတောင် ပြန်လုပ်နေပြီဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ လူတွေ ရာဂဏန်းထိ အဖိတ်အစင် မရှိခင် သူတို့နိုင်ငံတွေကို သင်ခန်းစာယူရင်း ကိုယ့်နိုင်ငံနဲ့ အဆင်ပြေမယ့် နည်းလမ်းနဲ့ လုပ်ကြရပါမယ်။ ခုလည်း သက်ဆိုင်ရာအစိုးရက ဒီအတိုင်းဆာင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

တရုတ်ပြည်က ရောဂါကူးဆက်မှုနှုန်းမြင့်လာလို့ ထိန်းမနိုင်ဖြစ်လာတာနဲ့ ဝူဟန်မြို့ကို ပိတ်ပစ်လိုက်ပါတယ်၊ လော့ဒေါင်းလုပ်လိုက်ပါတယ်။ လော့ဒေါင်းလုပ်တဲ့အခါ ဥပဒေကိုတိတိကျကျလိုက်နာရပါတော့တယ်၊ ပြည်သူတွေလည်း အခက်အခဲမျိုးစုံ ဒုက္ခမျိုးစုံကို ခံရပါတော့တယ်။ မည်သူတစ်ဦးတစ်ယောက်မျှ အိမ်ပြင်မထွက်ရတော့ပါဘူး။ ရောဂါရှိရှိ မရှိရှိ အိမ်ထဲမှာပဲ နေရပါတော့တယ်၊ တစ်မြို့လုံးရဲ့ စားရေးသောက်ရေးဟာ ဒေသအာဏာပိုင်တွေလက်ထဲရောက်သွားပါတော့တယ်။ အထူးသဖြင့် မရှိဆင်းရဲသားတွေရဲ့ စားဝတ်နေရေးဟာ အစိုးရလက်ထဲ ကျရောက်သွားပါတော့တယ်။

လူဦးရေအလိုက် တစ်ပတ်တစ်ခါ ရိက္ခာတွေကို အိမ်ရှေ့အရောက် စီစဉ်ပေးရပါတယ်။ တစ်ချိန်တည်းအတွင်းမှာ ပိုးတွေသေသွားအောင် ပိုးသတ်ဆေးတွေကို နေရာအနှံ့ တစ်မြို့လုံးလိုက်ဖြန်းရပါတယ်။ မြို့ဟာ သင်္ချိုင်းတစပြင် လို ဖြစ်သွားပါတယ်။ ဒီလိုမျိုး မဖြစ်မနေ ၁၅ ရက် ၂၀ ရက်လောက်လုပ်လိုက်ပါမှ ရောဂါဖြစ်မှု ကူးဆက်မှု ရပ်သွားပါတော့တယ်။ တရုတ်နိုင်ငံဟာ တိုင်းပြည်အကျိုးကို တကယ်ကြည့်တဲ့ တိုင်းပြည်တိုးတက်ထွန်းကားဖို့ အနောက်နိုင်ငံက ဈေးကွက်အရင်းရှင်နည်းပညာတွေသုံးပြီး တစ်ပါတီကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ ဖြစ်လို့ လော့ဒေါင်းလုပ်တဲ့အခါ အဂတိကင်းကင်းနဲ့ ပြတ်ပြတ်သားသားလုပ်လိုက်လို့ ခုလို ဗိုင်းရပ်စ် ဇီးရိုးဖြစ်သွားတာပဲ ဖြစ်ပါတယ်။

အီတလီတို့ အမေရိကန်တို့ကျတော့ လစ်ဘရယ်ဒီမိုကရေစီကို အသားပေးပြီး လွတ်လပ်မှု ထိပ်တန်းကျတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ လူတွေရဲ့လွတ်လပ်ခွင့်ကို အလွန်အသားပေးတဲ့ စနစ်ဖြစ်လို့ ဗဟိုကချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာမှု အားနည်းတာတွေ့ရပါတယ်။ ဗိုင်းရပ်စ်ပိုးက ပရိယာယ်များတော့ သူတို့ဟာ ပိုးစိုးပက်စက် ခံလိုက်ရတာဖြစ်လို့ လော့ဒေါင်းချရတာ အချိန်မမှီဖြစ်သွားတာရယ်၊ လိုက်နာမှုအားနည်းလို့ ရောဂါထိန်းချုပ်မှု အဆင်အတန်း မမှီတာတွေရယ်ကြောင့် အဖိတ်အစင်ဟာ အများဆုံးဖြစ်သွာရပါတော့တယ်။

တောင်ကိုရီးယားတို့၊ မလေးရှားတို့မှာတော့ ဘာသာရေးကြောင့် ဝတ်ပြုတာတွေကို ခွင့်ပြုလိုက်လို့ အခြေအနေဆိုးသွားပေမယ့် သူတို့နိုင်ငံတွေရဲ့ အသိရှိမှု မြန်ဆန်တာကြောင့် အဖိတ်အစင် မများတော့တာ ဖြစ်ပါတယ်။  ပြည်သူတွေ အသိရှိကြရင် လော့ဒေါင်းချစရာမလိုဘဲ ဗိုင်းရပ်စ်ရောဂါကို အချိန်တစ်ခုမှာ တားဆီးနိုင်မှာ ဖြစ်ပါတယ်။ လော့ဒေါင်းချလိုက်ရင်တောင် လေ့ကျင့်ထားတဲ့ ကျန်းမာရေးအစောင့်အရှောက်တွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ အလုံအလောက် ပြင်ဆင်ထားဖို့ လိုပါတယ်။ လူတွေမငတ်အောင်လည်း လုပ်ပေးရပါတယ်။

လော့ဒေါင်းချတဲ့နေရာမှာလည်း အပြင်းအပျော့ရှိပါသေးတယ်။ ဥပမာ ကျွန်တော်တို့ မြန်မာနိုင်ငံက ရွှေတောင်းကြားရပ်ကွက်လို၊ ဝင်ဒါမီယာရပ်ကွက်လိုဆိုရင် အစိုးရထောက်ပံ့မှု ပေးစရာမလိုအောင် ဖြစ်နေပေမယ့် လှိုင်သာယာလို၊ ရွှေပြည်သာလို အစရှိတဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးကို လော့ဒေါင်းသာ ချလိုက်လို့ကတော့ အစိုးရက မကျွေးနိုင်တော့ဘဲ လုယက်မှုတွေဖြစ်လို့ လူတွေဆူပူသောင်းကျန်း ဒုစရိုက်တွေ ထူပြောပြီး ပြည်သူတွေ မလုံခြုံတော့ဘဲ ထောင်တွေဟာလည်း ပြည့်ကျပ်ညပ်သွားမှာဖြစ်ပါတယ်။ အင်မတန်ချမ်းသာတဲ့ အီတလီလိုနိုင်ငံမျိုးမှာတောင် လုံးဝမဖြစ်တော့လို့ လော့ဒေါင်းလုပ်တာ မကြာခင်မှာတော့ လုယက်မှုတွေဖြစ် ပေါ်ပြီး အာဏာပိုင်တွေ မနိုင်မနင်းတွေ ဖြစ်နေတာကိုလည်း သတင်းတွေမှာ တွေ့နေရပါတယ်။  အဲဒီအတွက် ကျွန်တော်တို့အစိုးရမှာ အဆင်သင့်ဖြစ်နေပြီလား ဆိုတာကိုလည်း အစိုးရရဲ့ အခြေအနေကြည့်ရုံနဲ့ မေးခွန်းထုတ်စရာမလိုဘဲ အဖြေတန်း ရနေပါလိမ့်မယ်။

လူတွေဟာ စားစရာမရှိ ထမင်းသာ ငတ်လာရင်၊ အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်လာလို့ ထိန်းမနိုင် သိမ်းမရဖြစ်လာခဲ့သည်ရှိသော် စစ်တပ်(တပ်မတော်)က ထိန်းသိမ်းမယ်ဆိုရင် ကျွန်တော်တို့ ရှစ်လေးလုံးတုန်းကထက် အခြေအနေရှုပ်ထွေးပြီး ပိုမိုဆိုးဝါးသွားပါလိမ့်မယ်။   ကျွန်တော်တို့တိုင်းပြည်ဟာ ခုတောင် နလန်ထူဖို့ ကြိုးစားနေတဲ့အချိန် ဘာမှ အဆင်သင့်မဖြစ်သေးဘဲ လော့ဒေါင်းသာချလိုက်ရင် တိုင်းပြည်ရဲ့ အခြေအနေဟာ တော်တော်အထိနာသွားပါလိမ့်မယ်။

ဒါ့ကြောင့် ကျွန်တော်တို့ဟာ ကူးစက်ရောဂါ အခြေအနေဆိုးမလာခင်မှာ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားရပါ လိမ့်မယ်။ အစိုးရကလည်း ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့်လိုက်ပြင်ဆင် ထားတယ်ဆိုတာလည်း သိရပါတယ်။ ဒီအချိန်မှာ နိုင်ငံ့ခေါင်းဆောင်များနဲ့ အစိုးရအဖွဲ့တွေဟာ နေ့စဉ် အချိန်တိုင်း ခေါင်းချင်းဆိုင် ညှိနှိုင်း ဆွေးနွေးတိုင်ပင်နေကြပြီး လိုအပ်ရင် လိုအပ်သလို ကြေညာချက်တွေထုတ်ပြန် ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ၊ ဒေသန္တရအမိန့်တွေ ထုတ်ပြန်နိုင်ဖို့ကိုလည်း  လုပ်ဆောင်နေကြပြီး ကျွန်တော်တို့   ပြည်သူတွေဟာ ထုတ်ပြန်ထားတဲ့ အဲဒီညွှန်ကြားချက်တွေ  စည်းကမ်းချက်တွေကို မဖြစ်မနေ တိတိကျကျ လိုက်နာရ ပါလိမ့်မယ်။ စည်းကမ်းချက်တွေ ထုတ်ပြန်ချက်တွေကို လိုက်နာပါမှာ ကူးစက်ရောဂါကို ကူးစက်မှုနှေး ကွေးအောင်၊ လျှော့ပါးအောင်၊ ကူးစက်မှု မရှိတော့အောင် အဖိတ်အစင်နည်းနည်းနဲ့ တားဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကူးဆက်ရောဂါကို အသိနဲ့ယှဉ်ပြီး အခက်အခဲတွေကိုရင်ဆိုင် ကျော်လွှားနိုင်ပါမှ၊ ကျွန်တော်တို့ နိုင်ငံသားများ မိမိတာဝန်ကို မိမိ ကျေပွန်အောင် ဆောင်ရွက်ကြပါမှ ကိုရိုနာဗိုင်းရပ်စ် ကွာကွယ်ရေးဟာ ထိရောက်မှာဖြစ်ပါတယ်။

ရေဗူးပေါက်တာမလိုချင် ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အစိုးရနဲ့ ရေဗူးပေါက်နေတာကို ပြင်ဆင်ပေးပြီး ရေဝိုင်းခတ်တဲ့ အစိုးရကို ရွေးပါဆိုရင်..။

ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားများခင်ဗျား. . ကံမကောင်းစွာဖြင့် သတ်မှတ်ထားတဲ့ အဆင့်ထိ ရောက်လာမယ်ဆိုပါက၊ ရောဂါထိန်းချုပ်မှုအတွက် သော့ချကန့်သတ်ပိတ်ပင်ခြင်း (သို့မဟုတ်) Lock down လုပ်ပစ်မှာ သေချာပါကြောင်း . .။

သန့်ဇော်(သန်လျင်)

.

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly