ဆော်ဒီ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဆတိုးနေချိန်မှာ သိုလှောင်ထားတဲ့ နှာခေါင်းစည်း mask ငါးသန်းကျော်ကို ဖမ်းဆီးရမိ

ဆော်ဒီ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဆတိုးနေချိန်မှာ သိုလှောင်ထားတဲ့ နှာခေါင်းစည်း mask ငါးသန်းကျော်ကို ဖမ်းဆီးရမိ

မတ်လ ၃၀

ဆော်ဒီအာရေဗျနိုင်ငံမှာ သေဆုံးသူ နှစ်ဆတိုးလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန်မှာ တရားမဝင်သိုလှောင်ထားတဲ့ နှာခေါင်းစည်း mask ငါးသန်းကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင် သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြပါတယ်။

အနောက်ပိုင်း ဂျက်ဒက်ရှ်မြို့မှာ ကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ကုန်လှောင်တစ်ရုံမှာ သိုလှောင်ထားတဲ့ mask လေးသန်းကျော်ထက်မနည်းကို ဗုဒ္ဓဟူးနေ့က အာဏာပိုင်တွေ သိမ်းဆည်း ရမိခဲ့ပြီး နောက်မှာ ရီယတ်မြို့တော် အနောက်မြောက်ပိုင်းက ဟေးလ်အရပ်က စတိုးဆိုင်တစ်ဆိုင်မှာ mask ၁ ဒသမ ၁၇ သန်းကို ကုန်သွယ်ရေးဝန်ကြီးဌာနက သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ အစိုးရသတင်းအေဂျင်စီ Saudi Press Agency က ဖော်ပြပါတယ်။

ခုလို mask တွေကို တရားမဝင်သိုလှောင်ထားကြသူတွေကို တရားစွဲဆိုသွားမှာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ အဲဒီ mask တွေကို ဈေးကွက်ထဲ ဖြန့်ဖြူးမှာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ရေနံကြောင့် ချမ်းသာတဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ mask တွေကို သိမ်းဆည်းသိုလှောင်ထားတာနဲ့ ဈေးတင်ရောင်းတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက သတိပေးထားချိန်မှာပဲ အလုအယက် ဝယ်ယူမှုတွေကြောင့် စတိုးဆိုင် တွေမှာ mask တွေ ပြတ်လပ်လာလျက် ရှိနေပါတယ်။

လူသေဆုံးစေနိုင်တဲ့ COVID-19 ရောဂါ ပြည်တွင်းမှာ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဆော်ဒီနိုင်ငံဟာ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုမှာ ဆော်ဒီနိုင်ငံဟာ ပင်လယ်ကွေ့ဒေသမှာ အမြင့်ဆုံးအဖြစ် ၁၂၀၃ ဦးကနေ ၁၂၉၉ ဦးအထိ မြင့်တက်ရောက်ရှိပြီး သေဆုံးသူဦးရေလည်း နှစ်ဆတိုးလို့ ရှစ်ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

တစ်နိုင်ငံလုံးအနှံ့ တစ်စိတ်တစ်ပိုင်း ကာဖျူးမိန့် ပြဋ္ဌာန်းထားပြီး မြို့တော်ရီယက်အပြင် အစ္စလာမ် အထွတ်အမြတ်ထားရာ မက္ကာနဲ့ မက်ဒီနာမြို့တွေမှာလည်း အဝင်အထွက်တွေ တားမြစ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly