တရုတ်နိုင်ငံမှ တင်သွင်းသော နှာခေါင်းစည်း mask များအား အရည်အသွေးမမီခြင်းကြောင့် နယ်သာလန် ပြန်လည်သိမ်းဆည်း

တရုတ်နိုင်ငံမှ တင်သွင်းသော နှာခေါင်းစည်း mask များအား အရည်အသွေးမမီခြင်းကြောင့် နယ်သာလန် ပြန်လည်သိမ်းဆည်း

မတ်လ ၃၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ တင်သွင်းပြီး ဆေးရုံများဆီ ဖြန့်ဝေထားသော နှာခေါင်းစည်း mask ထောင်ပေါင်းများစွာအား အရည်အသွေးမမီခြင်းကြောင့် နယ်သာလန် တာဝန် ရှိ သူများက ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။

တရုတ်ကုမ္ပဏီတစ်ခုက တင်သွင်းသည့် အဆိုပါ mask များကို မတ် ၂၁ ရက်တွင် လက်ခံရရှိခဲ့ခြင်း ဖြစ်သည်ဟု ယင်းဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ mask များကို စမ်းသပ်စစ်ဆေးရာတွင် ၎င်းတို့၏ စံချိန်စံညွှန်းနှင့် ပြည့်မီခြင်း မရှိသည်ကို ဦးစွာတွေ့ရှိခြင်း ဖြစ်သည်။

တင်သွင်းလာသည့် mask များမှ တစ်ချို့ကို ကျန်းမာရေးဝန်ထမ်းများထံ ပေးဝေခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ “ကျန်သည့် mask များကို ချက်ချင်းပင် ထိန်းသိမ်းလိုက်ပြီး ဖြန့်ဝေခြင်း မရှိတော့ကြောင်း။” ဝန်ကြီးဌာနက ထုတ် ပြန်သည်။

“ဒုတိယအကြိမ် စမ်းသပ်ရာ၌ ယင်း mask များသည် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီခြင်း မရှိသည်ကို တွေ့ရှိကြောင်း၊ လက်ရှိ၌ အဆိုပါ တင်သွင်းလာသော mask များကို အသုံးမပြုတော့ရန် ဆုံးဖြတ်ခဲ့ကြောင်း။” ထုတ် ပြန်ချက်က ဆိုထားသည်။

နောင်တွင် တင်သွင်းမည့် mask များကိုလည်း အထူးစမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဟု ယင်း ထုတ်ပြန်ချက်တွင် ထပ်လောင်း ဖော်ပြသည်။

တင်သွင်းလာသော mask ၁ ဒသမ ၃ သန်း၏ တစ်ဝက်နီးပါးကို ပြန်လည်သိမ်းယူနေခြင်း ဖြစ်ကာ mask ခြောက်သိန်းမှာ ဆေးရုံများသို့ ဖြန့်ဝေထားပြီးဖြစ်သည်ဟု အစိုးရရုပ်သံဖြစ်သည့် NOS က ထုတ်လွှင့်ခဲ့သည်။

အဆိုပါ mask များတွင် အရည်အသွေး မမီခြင်းဆိုသည်မှာ မျက်နှာကို သင့်တင့်လျောက်ပတ်စွာ မကာကွယ်နိုင်ခြင်းနှင့် ရောဂါပိုး ကာကွယ်ရာ၌ ချွတ်ယွင်းအပြစ်အနာ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ယင်း ရုပ်သံက ဖော်ပြ သည်။

ပြင်သစ် ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗာရန်းက နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် တရုတ်မှ mask တစ်ဘီလီယံကျော် မှာကြားထားကြောင်း ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly