ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောင်တင်နေတဲ့ အပျော်စီးသင်္ဘောပေါ်မှ ခရီးသည်တွေကို သယ်ထုတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောင်တင်နေတဲ့ အပျော်စီးသင်္ဘောပေါ်မှ ခရီးသည်တွေကို သယ်ထုတ်

မတ် ၃၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် ပနားမားကမ်းလွန်မှာ သောင်တင်နေတဲ့ အပျော်စီးသင်္ဘောကို ပနားမားတူးမြောင်းကို ဖြတ်သန်းခွင့် ပေးလိုက်ပြီးနောက်မှာတော့ ခရီးသည်တွေကို အခြားသင်္ဘောတစ်စီးနဲ့ စနေနေ့မှာ သယ်ထုတ်ခဲ့ကြပါတယ်။

အမေရိကန်ဆီ ဦးတည်တဲ့ Zaandam အပျော်စီးသင်္ဘောဟာ သင်္ဘောပေါ်လိုက်ပါလာသူ ၁၈၀၀ မှာ လူဒါဇင်များစွာက တုပ်ကွေးလို ရောဂါလက္ခဏာတွေ ပြသပြီးနောက်မှာ တောင်အမေရိကဆိပ်ကမ်းအချို့က ကမ်းကပ်ခွင့် ငြင်းကြတာကြောင့် ပစိဖိတ်သမုဒ္ဒရာမှာ မတ် ၁၄ ရက်ကတည်းက သောင်တင်လျက် ရှိနေတာ ဖြစ်ပါတယ်။

သင်္ဘောပေါ်ပါ ခရီးသည် လေးဦး သေဆုံးပြီး နှစ်ဦးမှာ COVID-19 ကူးစက်ဖြစ်ပွားတာကို စမ်းသပ်တွေ့ရှိတယ်လို့ နယ်သာလန်က သင်္ဘောကုမ္ပဏီ Holland America က သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပနားမားနိုင်ငံဟာ အစောပိုင်းက Zaandam သင်္ဘောကို ပနားမားတူးမြောင်းကို ဖြတ်သန်းခွင့် မပြုဘဲ ထားထားတဲ့ ဆုံးဖြတ်ချက်ကို စနေနေ့မှာ ပြင်ဆင်လိုက်ပြီး လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ပေးဖို့အတွက် သင်္ဘောကို ဖြတ်သန်းခွင့် ပြုတော့မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ခုလို ဒုက္ခကြုံနေတဲ့ Zaandam သင်္ဘောဆီ အစားအစာ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ စမ်းသပ်ကိရိယာတွေနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးပို့ဖို့အတွက် Rotterdam ဆိုတဲ့ သင်္ဘောတစ်စီးလည်း ဆန်ဒီယာဂိုကနေ ပနားမားကမ်းလွန်ဆီ စဖြစ်ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Zaandam သင်္ဘောပေါ်က ရောဂါလက္ခဏာမပြတဲ့ ခရီးသည်တွေကို ဖယ်ရီရေယာဉ်နဲ့ သယ်ထုတ်ပြီး Rotterdam သင်္ဘောဆီ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်ခရီးသွားဧည့်သည်တစ်ဦးက ပြောပါတယ်။

Zaandam အပျော်စီးသင်္ဘောဟာ မတ် ၇ ရက်က ဗျူနိုအေရိစ်ကနေ ထွက်ခွာလာတာဖြစ်ပြီး ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုနားက ဆန်အန်တိုနီယိုဆီ စနေနေ့နှောင်းပိုင်းမှာ ရောက်ရှိဖို့ ရှိတာဖြစ်ပါတယ်။

ဒါပေမယ့် မတ် ၁၄ ရက်က ချီလီနိုင်ငံက ပန်တာအရီနက်စ်မှာ ခရီးတစ်ထောက် ရပ်နားချိန်မှာ သင်္ဘောပေါ် လိုက်ပါလာသူ ၄၂ ဦးမှာ တုပ်ကွေးရောဂါလို လက္ခဏာတွေပြတာကြောင့် ဆိပ်ကမ်းတွေက အကပ်မခံဘဲ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags