ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်အရေးနှင့့် ရင်ဆိုင်နေရချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံး ၂ စင်း ပစ်လွှတ်ပြန်

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်အရေးနှင့့် ရင်ဆိုင်နေရချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံး ၂ စင်း ပစ်လွှတ်ပြန်

မတ် ၂၉

တာတိုပစ် ပဲ့ထိန်းဒုံးကျည်များဟု ယူဆရသည့် ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားတို့ မတ်လ ၂၉ ရက်တွင် ပစ်လွှတ်ခဲ့သည်ဟု သိရသည်။ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအရေးနှင့် ရင်ဆိုင်နေရချိန် မြောက်ကိုရီးယားတို့က ယခုလအတွင်း ထိုကဲ့သို့ ပစ်လွှတ်မှုကို လေးကြိမ်မြောက်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် အဆိုပါ ပဲ့ထိန်းဒုံး နှစ်စင်းကို ဆိပ်ကမ်းမြို့ ဝွန်ဆန်ကနေ အရှေ့ဘက်ဆီ ဦးတည် ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကာ ဒုံးကျည်များသည် ကီလိုမီတာ ၂၃၀ (၁၄၃ မိုင်) အကွာအဝေးအထိ ပျံသန်းခဲ့ပြီး အရှေ့ပင်လယ်ဟု သိကြသော ဂျပန်ပင်လယ်တွင်းသို့ ကျသွားခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်သည်။

“ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် အခက်အခဲတွေနဲ့ ကြုံနေရချိန်မှာ မြောက်ကိုရီးယားတို့ရဲ့ ဒီလိုမျိုးလုပ်ရပ်က လုံးဝကို မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်” ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကမူ ပဲ့ထိန်းဒုံးနှင့်  တူသော အရာများ ဂျပန် ရေပိုက်နက်တွင်း သို့မဟုတ် နိုင်ငံ၏ အထူးစီးပွားရေးဇုန်အတွင်း ဖြတ်သန်းသွားခဲ့ခြင်း မရှိဟု ထုတ်ပြန်ခဲ့သည်။

လက်နက်ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ အမေရိကန်နှင့်အကြား ဆွေးနွေးမှုများ ရှေ့မဆက်နိုင်ဘဲ ကာလရှည် အဆက်ပြတ်လျက် ရှိချိန် ယခုကဲ့သို့ ပြုံယမ်းဘက်က ဒုံးကျည်ပစ်လွှတ်မှုကို ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်ကျော်ခန့်ကလည်း တာတိုပစ် ပဲ့ထိန်းဒုံးဟု ယူဆရသည့် ဒုံးကျည်နှစ်စင်းကို မြောက်ကိုရီးယားတို့ ပစ်လွှတ်ထားခဲ့သေးသည်။ ယင်းနောက် တစ်ရက်အကြာ အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းထံ လိပ်မူပြီး နှစ်နိုင်ငံံအကြား ဆက်ဆံရေး တိုးတက်စေမည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်ကာ အသေးစိတ်ရေးသားထားသည့် စာတစ်စောင် ရေးသားပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

လက်ရှိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေးနှင့်  ရင်ဆိုင်နေရချိန် မြောက်ကိုရီးယားတွင် ယင်းဗိုင်းရပ်စ် ကူးစက်မှု ဖြစ်စဉ်တွေ့ရှိသည့် အတည်ပြုသတင်း ထွက်ပေါ်ထားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly