Covid-19  ကာကွယ်ရေး ရပ်ကွက်များနေ ပြည်သူများ ဘယ်လို ပြင်ဆင်နေကြလဲ

Covid-19  ကာကွယ်ရေး ရပ်ကွက်များနေ ပြည်သူများ ဘယ်လို ပြင်ဆင်နေကြလဲ
ကုန်စုံဆိုင်တစ်ခုတွင် စျေးဝယ်နေကြသူများ

ရန်ကုန်၊မတ်လ ၂၉

ပြည်သူများအနေဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ Covid – 19 ကြိုတင်ကာကွယ်ရေးနှင့် မိမိတို ့ ပတ်ဝန်းကျင်တွင် သံသယလူနာ တွေ ့ရှိပါက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တဆင့် သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ ့အစည်းများ အပါအဝင် ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပေးပို့ရေး လုပ်ငန်းများဆောင်ရွက်ကြ ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို ့နယ်အလိုက် ဒေသန္တရအမိန့်များ ထုတ်ပြန်ခဲ့လာသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို ့နယ်များ၌ ရပ်ကွက်အလိုက် Covid – 19 စောင့်ကြည့်၊ သတင်းပေး ပို ့ရေး ကွန်ယက်အဖွဲ့များ ဖွဲ့စည်း၍ ရပ်ကွက်အလိုက် သတင်းအချက်အလက် ရယူခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိ ပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရပ်ကွက်အတွင်း Covid – 19 စောင့်ကြည့်၊ စောင့်ကြည့်သတင်းပေးပို့ရေး ကွန်ရက်အတွက် အလုံမြို ့နယ်၊ စောရန်ပိုင် ရပ်ကွက် ဥက္ကဋ္ဌ ဦးဌေးဝင်းက မတ်လ ၂၄ ရက်က စတင်ပြီး ရပ်ကွက်အတွင်း ပိုးသတ်ဆေးများ ဖြန်းသည့် လုပ်ငန်းများ ဆောင်ရွက်ကြောင်း ပြောသည်။

“အခု ရပ်ကွက်အလိုက် ကျွန်တော်တို ့ ဒီလ ၂၄ ရက်နေ ့လောက်ကစပြီး ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက် နေ ပါတယ်။ ည ၁၀ နာရီလောက်ကစပြီး မနက် ၁ နာရီ လောက်အထိ လမ်းပေါ်တွေနဲ ့ အိမ်တွေကို ပိုးသတ်ဆေး လိုက်ဖြန်းပါတယ်။  မြို ့နယ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းပြီးစီးမှုကတော့ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးပါပြီ။ တာဝန်ကတော့ ၂၄ နာရီ အသင့်အနေအထား ပြင်ထားရတယ်၊ ပြီးတော့ ကျန်းမာရေးဌာနတွေနဲ ့ ချိတ်ဆက်ပြီးတော့ လည်း သတင်းထူးခြားမှု အခြေအနေတွေ စုံစမ်းနေရတာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ အပေါ်မှာ ဒီကွန်ရက်အဖွဲ ့တွေ အနေနဲ ့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များ၌ Covid – 19 ကြိုတင် ကာကွယ် နိုင်ရေးအတွက် ဆိုင်အတွင်း စားသောက်ခြင်း၊ ဝယ်ယူခြင်းတို့ကို ကန့်သတ်ထားပြီး ပါဆယ်ဆွဲခြင်းနှင့် ဆိုင်ပြင်ပမှ စျေးဝယ်ယူခြင်း စသည့် ပုံစံများဖြင့် ရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်းများ မှာယူနိုင်ကြောင်း အများမြင်အောင် ချိတ်ဆွဲထား

ကုန်စုံဆိုင်ပိုင်ရှင် ဖြစ်သူ မသွယ်သွယ်က လတ်တလောတွင် ယိုးဒယားဘက်မှ ဝင်သည့် ခေါက်ဆွဲခြောက်နှင့်ကြာဇံမှာ စျေး နည်းနည်းတက်ပြီး Dettol ဆေးရည်နှင့် ဆပ်ပြာများ ပစ္စည်းပြတ်လပ်မှု ရှိကြောင်း၊ လုံခြုံရေးအရ ဆိုင်ဖွင့်ချိန်ကို ယခင်က ၆ နာရီအစား မနက် ၇ နာရီမှ ဖွင့်ပြီး ဆိုင်ပိတ်ချိန်အား ယခင်က ည ၁၀ နာရီမှ ပိတ်ရာကနေ ယခု ည ၉ နာရီတွင်ပိတ် ကြောင်း၊ စျေးဝယ်လိုသူများ ပစ္စည်းဝယ်ယူရာမှာ ရောဂါပိုး ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် လက်သန့်ဆေးရည်များ ထားပေးထားကြောင်း၊ ပစ္စည်းများကို ဖုန်းဆက် မှာပါက အိမ်သို့ အတတ်နိုင်ဆုံး ပို့ပေးနိုင်ရန် စီစဉ်ထားကြောင်း ပြော သည်။

“အခု စျေးလာဝယ်တဲ့ သူတွေအတွက် လက်သန် ့ဆေးရည် (Hand Gel) တွေ ထားပေးထားတယ်။ ပြီးတော့ Dettol ရည်ထည့်ထားတဲ့ ရေပုံး နဲ ့ ဆပ်ပြာလည်း ထားပေးထားတယ်။ ဆိုင်ထဲကိုတော့ လူပေးမဝင်ဘဲ အပြင်ကနေဘဲ ရောင်းနေတယ်။ ဒီလို အခြေအနေမျိုးကို နားလည်ပေးဖို ့အတွက်လည်း ဆိုင်ကို လာဝယ်တဲ့ စျေးဝယ်သူတွေကို ရှင်းပြရတာပေါ့။ စျေးရောင်းရတဲ့ အခါ ရောဂါမရှိသူရော၊ ရှိနိုင်တဲ့သူရော ရောင်းပေးနေရတယ်လို ့ ယူဆပြီး ပိုက်ဆံတွေ ကိုင်ပြီးတဲ့အခါမှာလည်း လက်ကို ဆေးရတယ်၊ တစ်ခုခု ရောင်းပြီးတိုင်းလည်း လက်ဆေးပြီးတော့ ကာကွယ်နေရတာပေါ့”ဟု ၎င်းက ပြောသည်။

ထို့ပြင် ရပ်ကွက်အတွင်း အခြေခံ စားသောက်ကုန်ပစ္စည်းများ(ဆန်၊ဆီ၊ဆား၊ခေါက်ဆွဲ၊ ငရုတ်၊ ကြက်သွန်)နှင့် ကျန်းမာရေး အတွက် လိုအပ်သည့် ဆေးဝါးများကို သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေး မကောင်းသူများ မှာယူပါက အခကြေးငွေ မယူ ဘဲ အိမ်တိုင်ရာရောက် လိုက်လံပို့ပေးရန် စီစဉ်ထားကြောင်း သာကေတမြို ့နယ်မှ We Love TKA အဖွဲ့က တာဝန်ခံ ကိုထက်ဝေယံအောင်က ပြောသည်။ 

“အခုလက်ရှိ အဖွဲ ့ဝင်တွေနဲ ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းတဲ့ သူတွေအတွက် လိုအပ်တဲ့ အခြေခံ စား သောက်ကုန် ပစ္စည်းတွေ ဝယ်ချင်ရင် ၂၄ နာရီ အချိန်မရွေး ဆက်သွယ်ပြီး ငွေကြေး တစ်စုံတစ်ရာ မယူဘဲ အိမ်တိုင်ရာ ရောက် ပို့ဆောင်ပေးဖို ့ ရည်ရွယ်ထားပါတယ်။ လက်ရှိ စေတနာ့ ဝန်ထမ်းအဖြစ် အဖွဲ ့ဝင် ၃၅ ယောက်လောက်နဲ့ စပြီး တော့ လုပ်နေတာပါ။ အဓိကက Covid – 19 ကူးစက်မှု မပြန် ့ပွားရေးကို ရည်ရွယ်ပြီး မြို ့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ အတွက် မီးဖိုချောင်သုံးပစ္စည်း၊ ဆေးဝါးနဲ ့ ဆေးရုံဆေးခန်းသွားဖို ့ အခက်အခဲ ဖြစ်နေသူတွေအတွက် ကူညီပေးသွားဖို ့ စီစဉ်ထားပါတယ်၊ ဒါကိုလည်း Facebook ကနေ သက်ဆိုင်ရာ

မြို ့နယ် Group တွေမှာ ဆက်သွယ်နိုင်မယ့် အချက် အလက်တွေကို မျှဝေပေးပြီး အသိပေး နှိုးဆော်တာတွေ လုပ်နေပါတယ်”ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ထားသည့် Covid – 19 ကူးစက်ခံရသူ စုစုပေါင်း ရှစ်ဦး အနက် လေးဦးမှာ ရန်ကုန်မြို ့တွင် တွေ ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါတွေ့ရှိသူများသည် ဗဟန်း၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်နှင့် လှိုင်သာယာ စသည့် မြို ့နယ်များတွင် နေထိုင် ကြ သူများဖြစ်ရာ ထို ရောဂါပိုးရှိသူများ နေထိုင်ရာ အိမ်နှင့် လမ်းများတွင် ဝင်/ထွက်ခွင့် (lock down) ကန့်သတ်မှုများ ပြုလုပ်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အလားတူ ကန့်သတ် နေရာများတွင် နေထိုင်နေကြရသူများအတွက် စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ အား လူမှုရေးအသင်းအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ပူးပေါင်း ကူညီပေးနေကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly