နိုင်ငံခြားသားများအားလုံးကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု မြန်မာရပ်ဆိုင်း

နိုင်ငံခြားသားများအားလုံးကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှု မြန်မာရပ်ဆိုင်း
ရန်ကုန်လေဆိပ်အတွင်း သွားလာနေသူများ (Photo- AFP)

ရန်ကုန်၊မတ်၂၉

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့်ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ယနေ့မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၃ဝရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က “ပြည်ပကဝင်လာတဲ့သူတွေကိုပဲ တားဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်တာပါ။ ကျန်တဲ့ရောက်နေတဲ့သူတွေကတော့ ရောက်နေတဲ့အတိုင်းပဲပေါ့။”ဟု ပြောသည်။

လက်ရှိ ပြည်ဝင်ခွင့် ပိတ်ပင်သည့်အထဲတွင်အာဆီယံနိုင်ငံများအပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအစီအစဉ်ဖြင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများလည်း ပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “ကျွန်တော်တို့နိုင်ငံအတွက် safe ဖြစ်သွားတာပေါ့။ အစိုးရအနေနဲ့ ချက်ချင်းကြီး မလုပ်ဖူးဆိုတာက အခြေအနေစောင့်ကြည်ပြီးတော့ ကိုယ်နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွားရေအပေါ်မှာ ဆုံးဖြတ်တယ်လို့ မြင်ပါတယ်။”ဟု မဇ္စျိမသို့ ပြောသည်။

မြန်မာအစိုးရက ပြည်ဝင်ဗီဇာပိတ်ပင်ထားမှုထဲတွင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့်လေယာဉ်များနှင့် သင်္ဘောများမှ အမှုထမ်းများကဲ့သို့သော အထူး(သို့) သံတမန်ဗီဇာကိုင်ဆောင်ထားသူများ မပါဝင်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ထိုသူများသည်လည်း မြန်မာနိုင်ငံသို့ လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိအမှတ်ပြုဓာတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂)နာရီမတိုင်မီက ရရှိထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက်အထောက်အထားပြသရန် လိုအပ်မည်ဖြစ်သည်။

ပြည်ဝင်ခွင့်ဗီဇာရရှိခဲ့ပါကလည်း ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစတင်၍ ၎င်းတို့ နေအိမ်များတွင် ၁၄ ရက်သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ ၂၉ ရက်ကနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးတို့မှတဆင့် ပြည်ဝင်ဗီဇာလျှောက်ထားရယူရမည်ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်သည် နိုင်ငံခြားသားများကိုသာ သီးသန့်ရည်ညွှန်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများအတွက်မူ အကျုံးမဝင်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required