အိန္ဒိယ Shutdown ကြောင့် ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ နေရပ်ပြန်

အိန္ဒိယ Shutdown ကြောင့် ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ နေရပ်ပြန်

နယူးဒေလီ၊ မတ် ၂၉

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က တစ်နိုင်ငံလုံး shutdown ချမှတ်လိုက်တာကြောင့် သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်သွားပြီး မြို့ကြီးတွေကနေ မွေးရပ်မြေတွေဆီ အုပ်လိုက်သင်းလိုက် ပြန်နေကြရပါတယ်။

အိန္ဒိယအာဏာပိုင်တွေဟာလည်း ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ကြိုးစားနေကြပြီး လိုအပ်တဲ့ကိစ္စရပ်များမှအပ သယ်ယူပို့ဆောင်ရေးအားလုံးကို ရပ်ဆိုင်းထားတာကြောင့် နေရပ်ပြန်အလုပ်သမားတွေဟာ ၎င်းတို့အိမ်ရှိရာ ရွာတွေကို ခြေလျင်လျှောက်ပြန်နေကြရတာပါ။

 လူဦးရေ (၁.၃) ဘီလီယံခန့်ရှိတဲ့ အိန္ဒိယမှာ လုပ်ငန်းတွေမရပ်နားခင်ကတည်းက လူပေါင်းများစွာဟာ ရထား၊ ကားတို့နဲ့ ကြိတ်ကြိတ်တိုး အိမ်ပြန်နေကြပေမယ့် မြို့ကြီးတွေမှာ သောင်တင်နေတဲ့သူတွေ အများအပြား ရှိနေပါသေးတယ်။

 “ငတ်သေတာထက်စာရင် လမ်းလျှောက်ပြီး အိမ်ပြန်တာပိုကောင်းတယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ” လို့ ဂူဂျာရတ်ပြည်နယ် အာမက်ဒါဘက်မြို့က ပိတ်သွားပြီဖြစ်တဲ့ ဈေးဝယ်စင်တာမှာအလုပ်လုပ်တဲ့ Thakor ဆိုတဲ့ လူငယ်တစ်ဦးကပြောပါတယ်။

အထူးသဖြင့် ဘီဟာနဲ့ ဥတ္တာပရာဒတ်ရှ်တို့လို ချို့တဲ့တဲ့ပြည်နယ်တွေမှာ အလုပ်အကိုင်ရှားပါးတာကြောင့် အဆိုပါဒေက လူတွေဟာ မြို့ကြီးတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ တောင်ပိုင်းပြည်နယ်တွေဆီသွားပြီး ရွှေ့ပြောင်းလုပ်သားတွေအဖြစ် လုပ်ကိုင်ကြရပါတယ်။

လမ်းတစ်လျှောက်မှာရှိတဲ့ ဧည့်ရိပ်သာနဲ့ စားသောက်ဆိုင်တွေလည်း ပိတ်ထားကြပြီး ဖယ်ဒရယ်အစိုးရက နေရပ်ပြန်အလုပ်သမားတွေကို အစားအသောက်နဲ့ နေရာထိုင်ခင်း ကူညီပေးဖို့ ဒေသခံအာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။

“ကြာသပတေးနေ့တစ်ရက်တည်းမှာတောင် နေရပ်ပြန်လုပ်သားပေါင်း (၂၁ ၀၀၀) လောက်ရှိတယ်၊ သောကြာနေ့မှာ အရေအတွက် သိသိသာသာကျသွားပေမယ့် တစ်နာရီကို လူ (၅၀၀) ဝန်းကျင်လောက် တွေ့ရတယ်” လို့ ရာဂျက်စ်သန်နဲ့ ဂူဂျာရက်ပြည်နယ်ကြား စစ်ဆေးရေးဂိတ် အရာရှိတစ်ဦးက AFP ကိုပြောပါတယ်။

တချို့နေရာတွေမှာတော့ အာဏာပိုင်တွေက အိမ်ပြန်ဖို့ ဘတ်စ်ကားတွေ စီစဉ်ပေးပြီး ကျန်းမာရေးစစ်ဆေးမှုပါ လုပ်ပေးပါတယ်။

အိန္ဒိယအစိုးရဟာ ကူညီကယ်ဆယ်ရေးရန်ပုံငွေအဖြစ် နွမ်းပါးသူတွေကို ငွေသားတိုက်ရိုက်ထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ (၂၃) ဘီလီယံ သုံးမယ်လို့ မတ်လ ၂၆ ရက်ကကြေညာခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း စားနပ်ရိက္ခာထောက်ပံ့မယ်လို့ ပြောခဲ့ပါတယ်။

အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ (၁၀၀၀) နီးပါးနဲ့ သေဆုံးသူ (၂၄) ဦးရှိပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly