ဆေးဘက်သုံးပစ္စည်းများ မလုံလောက်၍ နယူးယောက်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ

ဆေးဘက်သုံးပစ္စည်းများ မလုံလောက်၍ နယူးယောက်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ

နယူးယောက်၊ မတ် ၂၉

အမေရိကန်မှာ COVID-19 ကူးစက်မှုမြင့်မားလာခြင်းနဲ့အတူ ဆေးရုံတွေမှာ ရောဂါကာကွယ်ရေးဝတ်စုံတွေ မလောက်ငှဘဲ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရတာကြောင့် နယူးယောက် Bronx မြို့ Jacobi ဆေးရုံက ကျန်းမာရေးဝန်ထမ်း အယောက် (၂၀) ခန့်ဟာ  မတ်လ ၂၈ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ COVID-19 ကူးစက်မြန်ရောဂါခံစားနေရတဲ့ လူနာတွေအတွက် ၂၄ နာရီပတ်လုံး တာဝန်ထမ်းဆောင်နေကြရတာပါ။

မန်ဟာတန်ဆေးရုံက သူနာပြုမန်နေဂျာတစ်ဦးဖြစ်တဲ့  အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပဲ သေဆုံးခဲ့ရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ ပလတ်စတစ်အသား ရောဂါကာကွယ်ရေးဝတ်စုံတွေနဲ့ ဆေးရုံအဆင့်သုံးနှာခေါင်းစည်းအပါအဝင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ အသည်းအသန်လိုအပ်နေပြီး သူနာပြုတစ်ဦးဆုံးရှုံးလိုက်ရတဲ့အတွက်လည်း စိုးရိမ်ကြောက်ရွံ့မှုတွေ မြင့်တက်လာပါတယ်။

“နှာခေါင်းစည်းဆိုတာ တစ်ခါသုံးပစ္စည်းတွေပါ၊ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင်ကတည်းက တစ်ခါသုံးအဖြစ်ပဲ သုံးခဲ့ကြတာ၊ လူနာတစ်ယောက်နဲ့တွေ့ပြီးရင် အမှိုက်ပုံးထဲထည့်ပစ်ကြရတာ၊ အခု ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (CDC) က ကျွန်မတို့ကို ပြန်သုံးလည်းရတယ်လို့ပြောတယ်၊ ဒါ အန္တရာယ်ဖြစ်စေပါတယ်၊ အခု ပစ္စည်းတွေပြတ်လပ်နေပါပြီ ၊ ကာကွယ်ရေးဝတ်စုံတွေ အသက်ရှူစက်တွေ အလုံအလောက်မရှိပါဘူး” လို့ သူနာပြုအကြီးအကဲဖြစ်သူ Kelley Cabrera ကပြောပါတယ်။

သူနာပြုတစ်ယောက်ကို တစ်ပတ်လုံးသုံးဖို့ Mask တစ်ခုသာပေးထားပြီး သူနာပြုတွေအတွက် နိုင်ငံအဝှမ်း N95 Mask တွေ ရှားပါးပြတ်လပ်မှုနဲ့ကြုံနေရကြောင်း၊ CDC က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေက သူနာပြုတွေကို သတ်နေတာဖြစ်တယ်လို့ ကလေးဆိုင်ရာ အရေးပေါ်သူနာပြုတစ်ဦးဖြစ်တဲ့ Sean Petty ကပြောပါတယ်။

အမေရိကန်မှာ မတ်လ ၂၉ ရက်အထိ ကိုရိုနာကူးစက်ခံရသူ (၁၂၃ ၀၀၀) ကျော်နဲ့ သေဆုံးသူ (၂၂၁၁) ဦး ရှိပြီဖြစ်ကာ အခုသီတင်းပတ်အတွင်းမှာပဲ  ကပ်ရောဂါကူးစက်ပြန့်ပွားမှုမြန်တဲ့  ဗဟိုချက်အသစ်ဖြစ်လာခဲ့ပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly