ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန် ဗီယက်နမ် စားသောက်ဆိုင်တစ်ဆိုင်က ‘ကိုရိုနာ ဘာဂါ’ကို ထုတ်လုပ် ရောင်းချ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန် ဗီယက်နမ် စားသောက်ဆိုင်တစ်ဆိုင်က ‘ကိုရိုနာ ဘာဂါ’ကို ထုတ်လုပ် ရောင်းချ

မတ် ၂၈ 

နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေစဉ်ကာလအတွင်း ရောင်းအားကျဆင်းမှုကို ပြန်တက်လာအောင် မြှင့်တင်ဖို့ ရည်ရွယ်ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ပီဇာဆိုင်တစ်ဆိုင်က အော်ဂလီဆန်စရာ အရောင်အဆင်းရှိ ကိုရိုနာဗိုင်းရပ်စ် သဏ္ဍာန် ဘာဂါတွေကို ထုတ်လုပ်ပြီး တည်ခင်းရောင်းချလျက် ရှိပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်နေရချိန် စိုးရိမ်ထိတ်လန့်နေသူတွေကို စိတ်ပျော်ရွှင်စရာ တစ်ခုခု ပေးဖို့အတွက် အဆိုပါ ဟနွိုင်း ပီဇာဆိုင်က ခုလို ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်ရဲ့ စားဖိုမှူးဖြစ်တဲ့ Hoang Tung ကတော့ ၎င်း ဖန်တီးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ပုံစံ အစိမ်းရောင် ဘာဂါတွေက ကိုရိုနာဗိုင်းရပ်စ် သတင်းတွေ ဖတ်ရှုပြီး စိတ်မမမချမ်းမြေ့ ဖြစ်နေကြသူတွေကို ပြုံးပျော်သွားစေနိုင်လိမ့်မယ်လို့ မျှော်လင့်လျက် ရှိပါတယ်။

“ ကိုရိုနာဗိုင်းရပ်စ် နဲ့ပတ်သက်လို့ စိတ်မချမ်းမြေ့စရာ သတင်းတွေ တော်တော်များများကို ကျွန်တော် တွေ့ခဲ့ရပါတယ်၊ အဲဒီတော့ ဒါနဲ့ပတ်သက်လို့ လူတွေကို ပျော်သွားအောင်လို့ တစ်ခုခု လုပ်ပေးရင် ကောင်းမယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်” လို့ စားဖိုမှူး Hoang Tung က အေအက်ဖ်ပီကို ပြောပါတယ်။

Pixar ရဲ့ “Toy Story” ဇာတ်ကားထဲက အစိမ်းရောင် ဂြိုဟ်သား ဇာတ်ကောင်တစ်ကောင်ရဲ့ ဦးမှင်က ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဓာတုတည်ဆောက်ပုံနဲ့ သွားပြီး ဆင်နေတာကို သတိပြုမိခဲ့ရာကနေ ဒီကိုရိုနာဘာဂါကို ထုတ်ဖို့ အိုင်ဒီယာ ရခဲ့တာဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့ လုပ်ချိန်မှာ တကယ့် အံဝင်ခွင်ကျဖြစ်တဲ့ ပုံစံတစ်ခု ထွက်အောင်လုပ်ဖို့ အတော်ခက်ခဲခဲ့တယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

စားဖိုမှူး Hoang Tung နဲ့ အဖွဲ့သားတွေဟာ ဒီ ကိုရိုနာဘာဂါကို ဖန်တီးရာမှာ ဂျပန်လက်ဖက်စိမ်း အမှုန့်နဲ့ နာနတ်သီး အရွက်နေ ထုတ်ယူထားတဲ့ အဆီအနှစ်လိုမျိုး မတူညီတဲ့ ပါဝင်ပစ္စည်းတွေနဲ့ စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ ကိုရိုနာဘာဂါကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်က စတင် ရောင်းချပြီးနောက် Tung ရဲ့ Pizza Home ဆိုင်ဟာလည်း ရောင်းအားအနည်းငယ် တက်လာခဲ့ပြီး တစ်နေ့ကို ၎င်း ဖန်တီးထားတဲ့ ကိုရိုနာဘာဂါ အခု ၅၀ မျှ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဟနွိုင်းမြို့က အခြားသော လုပ်ငန်းတွေလိုပဲ Pizza Home ဟာလည်းပဲ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ့ရှိမှု အနည်းငယ် မြင့်တက်ခဲ့တဲ့ ပြီးခဲ့တဲ့အပတ်တွေအတွင်း ဖောက်သည်အလာ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကူးစက်မှုနှုန်းထားဟာ ဖေဖော်ဝါရီလက နှေးကွေးခဲ့ပေမယ့် ဗီယက်နမ်နိုင်ငံသားတွေ ပြည်တော်ပြန်လာတာနဲ့အတူ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ပြန်ပြီး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဗီယက်နမ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးထိန်းချုပ်ဖို့ မတ်လ ၂၈ ရက်ကစလို့ ဘီယာဆိုင်တွေ၊ စားသောက်ဆိုင်တွေအပါအဝင် အားလုံးသော ဖျော်ဖြေရေး လုပ်ငန်းတွေအားလုံး ပိတ်ထားရမယ်လို့ အစိုးရက မတ်လ ၂၆ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း takeaway (စားစရာများကို အထုတ်ဖြင့် ဝယ်ယူသွားနိုင်သော ဆိုင်) ဝန်ဆောင်မှုတွေကို ဆက်လက်ခွင့်ပြုပေးထားမယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံမှာ လူ ၂၀ ထက် ပိုတဲ့ စုဝေးမှုတွေကိုလည်း တားမြစ်မယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်အထိ ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၅၃ ဦး ရှိနေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly