မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ဆန်နှင့်အစားအသောက်ပစ္စည်းများ လှူဒါန်း

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ဆန်နှင့်အစားအသောက်ပစ္စည်းများ လှူဒါန်း
Photo Credit - ကပုန်း(၇) နာရေးကူညီမှုအသင်း

မတ်လ ၂၈။              ။ အရှေ့တောင်အာရှ တွင် COVID-19 ကူးစက်ခံရသူ နှင့် သေဆုံးမှု စာရင်းတွင် ဒုတိယအများဖြစ်သည့် မလေးရှားနိုင်ငံအတွင်းနေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာလူမှုကူညီရေး အသင်း -မလေးရှားက ဆန်နှင့်အစားအသောက်ပစ္စည်းများကို လိုက်လံလှူဒါန်းနေကြကြောင်းသိရသည်။

မြို့တော်ကွာလာလန်ပူအပါအဝင် ပြည်နယ်များသို့အသွားအလာ ဖြတ်တောက်ထားသည့် မလေးရှားနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံသားများအတွက် အစားအသောက်ဆေးဝါးများလိုအပ်နေခြင်းကြောင့် မြန်မာလူမှု ကူညီရေး အသင်း -မလေးရှား (ကပုန်း(၇)ရက်နာရေးကူညီမှုအသင်း ) က မတ်လ ၂၇ ရက်နေ့ မှစတင်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး မှထောက်ခံစာနှင့်အတူ ကားတစ်စီးတွင် လူ ၂ ယောက်ဖြင့် လိုက်လံ လှူဒါန်းနေခြင်း ဖြစ်သည်။

“ စပြီးလှူဒါန်းတာ ကွာလာလန်ပူ တစ်ဝက်လောက်တော့ ပြီးသွားပြီး။ သွားရေးလာရေး ပိတ်ဆို့ထားတဲ့ နေရာတွေကြရင် မြို့နယ်မှာပရဟိတအသင်း နေရာလေးတွေရှိပါတယ်။သူတို့ကို မလေးရှားရင်းဂစ် ၂၀၀၀ လွှဲပေးလိုက် ပါတယ်။ အိုဗာစတေးမဟုတ်ပါဘူး။မလေးရှားရောက်မြန်မာနိုင်ငံသား ဒုက္ခရောက်တဲ့သူ ဘယ်သူ မဆို အကုန်လှူပါမယ်။ တစ်ချို့စက်ရုံတွေပိတ်လို့ အလုပ်သမားတွေ ဒုက္ခရောက်တဲ့အခါကြ ကျွန်တော်တို့ သွားလှူပေးပါတယ် “ဟု ကပုန်း(၇) နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ဦးစန်းဝင်း က မဇ္ဈိမသတင်းဌာန ကိုပြောသည်။

ကပုန်းနာရေးကူညီမှုအသင်းက မတည်ငွေ မလေးရှားရင်းဂစ် တစ်သောင်း ၊ အိန္ဒြောကိုခင်မောင်ဝင်း မိသားစုမှ ဆန်(၅)ကီလီလိုအိတ် ကွန်တိန်နာတစ်လုံးနှင့်အခြားအလှူရှင်များက ငွေကြေး နှင့် လိုအပ်သည့် ပစ္စည်းများကို လာရောက်လှူဒါန်းကြသည်။

မလေးရှားနိုင်ငံကတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲတွင် ဒုတိယအများဆုံး ဖြစ်ပြီး ကူးစက်ခံရသူ ၂၁၆၁ ဦး နဲ့ သေဆုံးသူ ၂၆ ဦးအထိ ရှိကြောင်း မတ်လ ၂၇ ရက်နေ့ WHO ရဲ့ထုတ်ပြန်ချက်အရသိရသည်။

“ကလေးငယ်တွေ ၊ကိုယ်ဝန်ဆောင်သူတွေများတဲ့နေရာတွေကို အဓိကလှူဖြစ်ပါတယ်။ ဆန်၊ဆီ၊ကော်ဖီမစ် ၊ခေါက်ဆွဲခြောက်ထုတ် ၊ရေသန့်ဗူးတွေ အများဆုံးလှူဖြစ်ပါတယ်” ဟုဦးစန်းဝင်းက ဆက်လက်ဖြေကြားသည်။
မလေးရှားအစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းသွားလာမှုကို မတ်လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ထိန်းချုပ်ထားကြောင်း သိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly