ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကော့ခ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကော့ခ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
Photo: EPA

မတ် ၂၈

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယမန်နေ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်ထ် ဟန်းကော့ခ်ကလည်း ၎င်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

၎င်းထံမှာ မပြင်းထန်တဲ့ ဗိုင်းရပ်စ် လက္ခဏာရပ်တွေ ရှိနေတယ်လို့ ဆိုပြီး လက်ရှိမှာ သီးခြားခွဲနေထိုင်နေကြောင်း ကျန်းမာရေးဝန်ကြီး ဟန်းကော့ခ်က ပြောပါတယ်။

“ ဆေးဘက်ဆိုင်ရာ အကြံပေးချက်ကို လိုက်နာပြီး ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ကြည့်ခဲ့တာပါ၊ စစ်ကြည့်လိုက်တော့ ကျွန်တော့်မှာ ဗိုင်းရပ်စ် ရှိနေတယ်လို့ သိခဲ့ရပါတယ်၊ ကံကောင်းတာက ကျွန်တော့်မှာ ရှိနေတဲ့ လက္ခဏာရပ်တွေက ပြင်းထန်မှု မရှိပါဘူး၊ လက်ရှိမှာတော့ အိမ်ကနေပဲ အလုပ်လုပ်နေပြီး သီးခြားခွဲနေထိုင်နေပါတယ်” လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး ဟန်းကော့ခ်က တွစ်တာကနေတဆင့် ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အလားတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း လက်ရှိမှာ သီးခြားခွဲနေထိုင်နေလျက် ရှိပါတယ်။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်အရေး ဗြိတိန်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို ဆက်လက်ဦးစီးသွားမှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်ယူသွားမယ်လို့လည်း ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောသွားခဲ့ပါသေးတယ်။

ဗြိတိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းဟာ အရှိန်မြင့်လာခဲ့ပြီး သေဆုံးမှုနှုန်းလည်း လည်း တက်လာခဲ့တယ်လို့ သိရပါတယ်။ ယင်းနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေဟာ ၁၄,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၇၆၀ ဦး ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly