ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပနားမားကမ်းလွန်မှာ သောင်တင်နေတဲ့ အပျော်စီးသင်္ဘောပေါ်မှာ လူလေးဦး သေဆုံး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပနားမားကမ်းလွန်မှာ သောင်တင်နေတဲ့ အပျော်စီးသင်္ဘောပေါ်မှာ လူလေးဦး သေဆုံး
Photo: AFP

တုပ်ကွေးလို ရောဂါလက္ခဏာတွေ ပြတဲ့ ခရီးသည်တွေ ပါလာတာကြောင့် ပနားမားကမ်းလွန်မှာ ရက်အတန်ကြာ သောင်တင်နေတဲ့ နယ်သာလန် အပျော်စီးသင်္ဘော Zaandam ပေါ်မှ ခရီးသည် လေးဦး သေဆုံးကြောင်း သင်္ဘောကုမ္ပဏီက သောကြာနေ့က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်ပူပန်မှုတွေကြောင့် နိုင်ငံအချို့က ဆိပ်ကမ်းကပ်ခွင့် မပြုလို့ ခရီးသည်နဲ့ အမှုထမ်း ၁၈၀၀ လိုက်ပါတဲ့ Zaandam အပျော်စီးသင်္ဘောဟာ ပနားမားရေပြင်မှာ လက်ရှိ သောင်တင်လျက် ရှိနေတာပါ။

“Holland America Line ကုမ္ပဏီအနေနဲ့ Zaandam ပေါ်မှာ အသက်ကြီးပိုင်း ခရီးသည် လေးဦး သေဆုံးကြောင်း အတည်ပြုနိုင်ပါတယ်။” လို့ နယ်သာလန်ပိုင် ယင်းကုမ္ပဏီက ထုတ်ပြန်ပါတယ်။

“မနေ့က အသက်ရှုလမ်ကြောင်းဆိုင်ရာ ရောဂါလက္ခဏာပြတဲ့ လူနာတော်တော်များများကို COVID-19 ဖြစ်ပွားလားဆိုတာ စစ်ဆေးခဲ့ပြီး လူနှစ်ဦးမှာ ဖြစ်ပွားတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။”လို့ ယင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Zaandam အပျော်စီးသင်္ဘောဟာ မတ် ၇ ရက်က ဗျူနိုအေရိစ်ကနေ ထွက်ခွာလာတာဖြစ်ပြီး ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုနားက ဆန်အန်တိုနီယိုဆီ စနေနေ့နှောင်းပိုင်းမှာ ရောက်ရှိဖို့ ရှိတာဖြစ်ပါတယ်။

ဒါပေမယ့် မတ် ၁၄ ရက်က ချီလီနိုင်ငံက ပန်တာအရီနက်စ်မှာ ခရီးတစ်ထောက် ရပ်နားချိန်မှာ သင်္ဘောပေါ် လိုက်ပါလာသူ ၄၂ ဦးမှာ တုပ်ကွေးရောဂါလို လက္ခဏာတွေပြတာကြောင့် ဆိပ်ကမ်းတွေက အကပ်မခံတော့တာ ဖြစ်ပါတယ်။

Zaandam သင်္ဘောဆီကို စားနပ်ရိက္ခာနဲ့ ရောဂါစစ်ဆေးစမ်းသပ်တဲ့ ကိရိယာတွေကို အခြားသင်္ဘောတွေကနေ သွားရောက်ပေးပို့ကြပါတယ်။

သင်္ဘောဟာ ဖလော်ရီဒါဆီ ဦးတည်သွားရောက်ဖို့ ကြိုးစားနေပေမယ့် ဒီလို သွားရောက်ဖို့အတွက် ပနားမားတူးမြောင်းကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက တူမြောင်းကို ဖြတ်သန်းခွင့်ကို ငြင်းပယ်ထားပါတယ်။

သင်္ဘောပေါ်ပါ ခရီးသည် ၁၂၄၃ ဦးမှာ ၅၃ ဦးနဲ့ အမှုထမ်း ၅၈၆ ဦးမှာ ၈၅ ဦးတို့ဟာ တုပ်ကွေးလို ရောဂါလက္ခဏာတွေပြကြောင်း သင်္ဘောပေါ်က ကျန်းမာရေးစင်တာကို သတင်းအကြောင်းကြားထားတာ ဖြစ်တယ်လို့ သင်္ဘောကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly