ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဆားဘီးယားကို ကူညီဖို့ ယူရို ၁ သန်း လှူဒါန်းတဲ့ ဂျိုကိုဗစ်

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဆားဘီးယားကို ကူညီဖို့ ယူရို ၁ သန်း လှူဒါန်းတဲ့ ဂျိုကိုဗစ်
Photo: EPA

ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား နိုဗက် ဂျိုကိုဗစ်က သူဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဆားဘီယားနိုင်ငံကို အသက်ရှူကိရိယာနဲ့ တခြားပစ္စည်းတွေ ဝယ်ယူရာမှာ ကူညီဖို့ ယူရို တစ်သန်း (ဒေါ်လာ ၁.၁ သန်း) လှူဒါန်းခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။

ဂျိုကိုဗစ်နဲ့ သူ့မိသားစုဟာ စပိန်တောင်ပိုင်း Marbella မြို့မှာ နေထိုင်နေပြီး လက်ရှိမှာ တစ်နိုင်ငံလုံး lockdown ချထားခံရပါတယ်။

"ကျနော်တို့ရဲ့ လှူဒါန်းမှုဟာ အသက်ကယ် အသက်ရှူကိရိယာတွေနဲ့ တခြား သန့်ရှင်းရေးသုံး ပစ္စည်းတွေ ဝယ်ယူဖို့အတွက်ဖြစ်ပါတယ်။"လို့ ဂျိုကိုဗစ်က ဗီဒီယိုကွန်းဖရန့်တစ်ခုကနေ ပြောပါတယ်။

အသက် ၃၂ နှစ်အရွယ် ကစားသမားက သူဟာ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်နဲ့ အလုပ်တွေ ဆက်လုပ်နေခဲ့ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကြောင့် တင်းနစ်ရာသီတွေ ရွှေ့ဆိုင်းလိုက်ရပေမယ့် မိသားစုနဲ့ နေထိုင်ရတဲ့ အချိန်တွေကို ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။

အမျိုးသား တင်းနစ်ပြိုင်ပွဲ (ATP) နဲ့ အမျိုးသမီး တင်းနစ်ပြိုင်ပွဲ (WTA)တွေကို ဇွန်လ ၇ ရက်အထိ ဆိုင်းငံ့ထားလိုက်ပြီး ပြင်သစ်အိုးပင်းနဲ့ ဝင်ဘယ်လ်တန်တင်းနစ်ပြိုင်ပွဲတွေဟာ ရွှေ့ဆိုင်းတာ ဒါမှမဟုတ် ဖျက်သိမ်းတာမျိုး ကြုံတွေ့ရနိုင်ဖွယ်ရှိပါတယ်။

လူဦးရေ ၇ သန်းရှိတဲ့ ဆားဘီးယားနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံထားရတဲ့ လူ ၄၅၀ ဦးကျော်ရှိပြီး သေဆုံးသူ ၇ ဦးရှိတယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly