ကုန်သည်စက်မှုအသင်းချုပ်မှ ဆန်စပါး ညီနောင်အသင်းများ စက်မှုဇုန်မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်

ကုန်သည်စက်မှုအသင်းချုပ်မှ ဆန်စပါး ညီနောင်အသင်းများ စက်မှုဇုန်မြို့နယ်များတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်
ဓာတ်ပုံ  - ဟိန်းသက်ဦး

မတ်လ ၂၇။           ။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ ညီနောင် အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အပါအဝင် ဆီကုန်သည်များအသင်းနှင့် လှိုင် သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့ဖြင့် ပူးပေါင်း၍ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုမြို့ စီမံခန့်ခွဲရေး ရုံးတွင် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ပြင်ပထက် ၃၅ ရာခိုင်နှုန်း လောက်ဈေးသက်သာအောင် ရောင်းချပေးခဲ့သည်။

ယခု အစီအစဉ်ကို UMFCCI မှ ညီနောင်အသင်းများဖြစ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်အသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မ တီနှင့် ပူးပေါင်းပြီး ရောင်းချပေးခဲ့ခြင်း နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှ စီမံခန့်ခွဲရေး အဖွဲ့ဝင် ဖြစ်သူ ဦးစန်းလင်း မှ ယခုလို ပြောကြားခဲ့သည်။

“အဓိက ဒီမှာလာရောက်ပြီး ရောင်းချပေးတာက လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းတွေ၊ နေထိုင်တဲ့ ပြည်သူတွေကို ဆန်၊ ဆီ စတဲ့ အခြေခံစားသောက်ကုန်တွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ စားသုံးသူလက်ထဲရောက်ဖို့ ရည်ရွယ်ပြီး လာရောင်းချပေးတာဖြစ်ပါတယ်။ စားသုံးသူတွေကို အသိပေးချင်တာက အဓိက ကောလဟလတွေ ကြောက်ရလို့ စက်ရုံပိတ်မယ်ဆိုတာတွေ၊ စားသောက်ကုန်တွေ ပြတ်တော့မယ်ဆိုတာတွေက မဟုတ်ပါဘူး။ ဒါတွေကို နားယောင်ပြီး အလွန်အကျွံ ဝယ်ယူစုဆောင်းတာတွေ မလုပ်ဖို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံ  - ဟိန်းသက်ဦး

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင် ဆန်စပါးအသင်းများမှ ဆန် တစ်ပြည်လျှင် ၁၀၀၀ ကျပ်၊ ဆီ တစ်ဗူးလျှင် ၁၀၀၀ ကျပ်၊ ဆားတစ်အိတ်လျှင် ၁၀၀ ကျပ်၊ ဆန် ငါးပြည်အိတ် တစ်အိတ်လျှင် ၅၀၀၀ ကျပ်၊ ဧည့်မထဆန် ၂၄ ပြည်ခွဲ တစ်အိတ်လျှင် ၂၄၅၀၀ ကျပ် စသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဤ ရောင်းချမှု အစီအစဉ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင် ဆန်စပါးအသင်းတို့မှ ဧည့်မထဆန် ငါးပြည် အိတ် ၂၀၀၀ ၊ ၂၄ပြည်ခွဲ ဆန်အိတ် ၂၀၀၊ ပဲဆီ(၅ဝကျပ်သား) ဗူး ၁၀၀၀ နှင့် ဆား(၃၅ကျပ်သား) အိတ် ၁၀၀၀ တို့ကို ပါဝင် ရောင်းချပေးခဲ့သည်။

ယခုလို လှိုင်သာယာမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးမှု အပေါ် မြို့နယ်နေ ပြည်သူ တစ်ဦးဖြစ်တဲ့ မညိုညိုမြင့် မှ ယခုလို ပြောပြခဲ့သည်။

“အခု ဒီမှာလာရောင်းတဲ့ ဆန်ဆိုရင် ညီမတို့ဆီမှာ အနည်းဆုံး တစ်ပြည်ကို ၁၄၀၀ လောက်ရှိနေတယ်။ ဆီတစ်ဗူးကို ၁၅၀၀၊ ၁၆၀၀ လောက် ဝယ်ရတယ်။ အခုဆိုရင် အလုပ်တွေက ပိတ်တာတို့၊ နားတာတို့ တွေ ရှိပြီး အရောင်း အဝယ်တွေလည်း အဆင်မပြေကြလို့ စားဝတ်နေရေး ခက်ခဲနေကြတယ်။ အခုလို ဈေးနှုန်း သက်သက်သာသာနဲ့ လာရောင်းပေးလို့ ညီမတို့အတွက် အရမ်းအဆင်ပြေပါတယ်။” ဟု ပြောကြားခဲ့သည်။

ယခု လှိုင်သာယာမြို့နယ် တွင် ဆန်၊ ဆီ၊ ဆား အစရှိတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းများ ကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့တဲ့ အစီအစဉ်အတိုင်း အခြား စက်မှုဇုန်မြို့နယ်များဖြစ်တဲ့ ရွှေပြည်သာ၊ ရွှေလင်ပန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နဲ့ ဒဂုံအရှေ့ပိုင်း စတဲ့ နေရာဒေသများရှိ ပြည်သူလူထုများအတွက်လည်း အလှည့်ကျ အစီအစဉ်များဖြင့် ရောင်းချ ပေး သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly