သမ္မတ ဦးသိန်းစိန်၏ လုံခြံုရေး အထူးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ကြိုတင်မဲပေး

သမ္မတ ဦးသိန်းစိန်၏ လုံခြံုရေး အထူးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ကြိုတင်မဲပေး

သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့သွာရန် ခရီးစဉ်ရှိသဖြင့်၎င်း၏ လုံခြုံရေး တာဝန်များဆောင်ရွက်ရမည့် လုံခြုံရေး အထူးတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၂၁၈ ဦးသည် ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲသို့ ကြိုတင်မဲပေးရန် နိုဝင်ဘာ ၂ ရက်က လျောက်ထားခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ရာဇဌာနီလမ်းအမှတ် (၂)ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (အထူးတာဝန်တပ်ဖွဲ့)မှ အရာရှိ ၆၄ ဦးနှင့် တပ်ဖွဲ့ဝင် ၁၅၄ ဦးတို့သည် ဇေယျာ သိဒ္ဓိရပ်ကွက် ကော်မ ရှင်ရုံးတွင် ကြိုတင်မဲပေးရန် လျောက်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးတပ်ဖွဲ့ဝင်များသည် သမ္မတလုံခြုံရေးတာဝန် ထမ်းဆောင်ရကြောင်းသိရပြီး သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ခရီးစဉ်ရှိသဖြင့် ကြိုတင်မဲပေးရန် လာရောက် လျှောက်ထားခြင်းဖြစ်ကြောင်း ဇေယျ သိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

နိုဝင်ဘာ ၂ ရက်က ဇေယျ သိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲတွင် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (အထူးတာဝန်တပ်ဖွဲ့)မှ ၁၁ ဦး လာရောက်ပြီး ကြိုတင်မဲပေးခဲ့သည်ကို တွေ့မြင်ရသည်။

မည့်သည့် တာဝန်ရှိသဖြင့် ကြိုတင်မဲပေးဖြစ်သည့်အကြောင်း မဇ္ဈိမက မေးမြန်ရာတွင် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (အထူးတာဝန်တပ်ဖွဲ့)မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခွင့်မရှိကြောင်း ပြောကြားခဲ့သည်။ ကျန်တပ်ဖွဲ့ဝင်များသည်လည်း ဆက်လက် ကြိုတင် ဆန္ဒမဲပေးမည်ဖြစ်ကြောင်း သိရသည်။

တာဝန်အရ ခရီးသွားရန်ရှိသော ဝန်ထမ်းများသည် ခုံလုံသော ထောက်ခံချက်ဖြင့် သက်ဆိုင်ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြီး ကြိုတင်မဲဆန္ဒမဲပေးခွင့် တောင်းခံလာပါက အောက်တိုဘာလ(၂၉) ရက်နေ့စတင်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြီးခဲ့သည့် အောက်တို ဘာလ(၂၇) ရက်နေ့ ထုတ်ပြန်ထားသည်။                                                                                            

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags