ရန်ကုန်နှင့် မန္တလေးတွင် COVID-19 အတည်ပြုလူနာ နှစ်ဦး ထပ်မံတွေ့ရှိ

ရန်ကုန်နှင့် မန္တလေးတွင် COVID-19 အတည်ပြုလူနာ နှစ်ဦး ထပ်မံတွေ့ရှိ
Photo: Lynn Bo Bo/EPA

မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)အတည်ပြုလူနာ နှစ်ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနသတင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)အတည်ပြုလူနာ နှစ်ဦးအပါအဝင် စုစုပေါင်းအတည်ပြုလူနာ ၅ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ COVID-19 အတည်ပြုလူနာနှစ်ဦးမှာ ပြည်တော်ပြန်များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တွေ့ရှိသည့်လူနာမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် မတ် ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၂၅ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူကာအမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ မတ် ၂၆ ရက်နေ့တွင် ပေးပို့ စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် တွေ့ရှိသည့် အတည်ပြုလူနာမှာ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူထားသည့် မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ မတ် ၁၉ ရက်တွင် ပြန်လည် ရောက်ရှိခဲ့ပြီး မတ်၂၂ ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိကုသမှုပေးခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ မတ် ၂၆ ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခင်တွေ့ရှိခဲ့သည့် အတည်ပြုလူနာ ၃ဦးမှာ အမေရိကန်နိုင်ငံမှ မတ် ၁၃ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား၊ အသက် (၃၆) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ မတ် ၂၂ ရက်နေ့တွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့သည့် အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့ကို မတ် ၂၃ရက်က အတည်ပြုလူနာများအဖြစ် တွေ့ရှိခဲ့သည်။

ထို့ပြင်အင်္ဂလန်နိုင်ငံမှ မတ် ၂၁ရက်နေ့၌ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား ၊အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို မတ် ၂၅ရက်တွင် အတည်ပြုလူနာအဖြစ် ထပ်မံတွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly