ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ကလိုရိုကွင်း သောက်ခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံး

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ကလိုရိုကွင်း သောက်ခဲ့သည့် အမေရိကန်နိုင်ငံသားတစ်ဦး သေဆုံး

 မတ် ၂၆ 

အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်တွင် နေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ကလိုရိုကွင်း ဖော့စ်ဖိတ်ကို သောက်သုံးခဲ့ရာမှ ခင်ပွန်းဖြစ်သူ သေဆုံးပြီး ဇနီးသည်မှာလည်း အရေးပေါ် အခြေအနေဖြင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ကလိုရိုကွင်းက ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် အလားအလာရှိ နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီးနောက် အဆိုပါ မောင်နှံသည် ထိုကဲ့သို့ သောက်သုံးခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဖိုးနစ်မြို့မှ ဇနီးမောင်နှံနှစ်ဦး သောက်သုံးခဲ့သည့် ကလိုရိုကွင်း ဖော့စ်ဖိတ်သည် ငါးကန်များကို ဆေးကြောသန့်ရှင်းရာတွင် အသုံးပြုလေ့ရှိသော ဓာတုပစ္စည်းတစ်မျိုး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလိုရိုကွင်း ဖော့စ်ဖိတ်ကို သောက်သုံးမိပြီးနောက် မကြာမီမှာပင် အဆိုပါ ဇနီးမောင်နှံသည် နေထိုင်မကောင်းဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း အရီဇိုးနား အခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီတစ်ခု ဖြစ်သည့် Banner Health က ထုတ်ပြန်သည်။

အဆိုပါ မောင်နှံသည် အသက် ၆၀ ခန့် ရှိသည်ဟု သိရသည်။

ကလိုရိုကွင်းက COVID-19 ကုသမှုနည်းလမ်းတစ်ခုအဖြစ် ဖြစ်နိုင်ဖွယ် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ မစ္စတာ ထရမ့် ဆွေးနွေးပြောဆိုခဲ့သည့် ရုပ်သံတစ်ခုကို ကြည့်ရှုခဲ့ကြောင်း အမျိုးသမီး ဖြစ်သူက NBC News သို့ ပြောသည်။

အဆိုပါ ဆေးကို ငှက်ဖျား၊ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်း နှင့် အရေပြားလေးဘက်နာ တို့ကို ကုသရန် အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုအဖွဲ့အစည်း (FDA) က အတည်ပြုပေးထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကုသရာတွင် အသုံးပြုရန် အတည်ပြုပေးထားခြင်း မရှိပေ။

“ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု ကျွန်မတို့ ကြည့်ခဲ့ရတယ်၊ အဲဒီမှာ ထရမ့်က ဒါကို အခြေခံအားဖြင့် အတော်လေး အလားအလာရှိတဲ့ ကုသမှုတစ်ခုအဖြစ် ပြောခဲ့တယ်၊ ကျွန်မတို့ကလည်း နေမကောင်းဖြစ်မှာကို ကြောက်ခဲ့ပါတယ်” ဟု သူမက NBC ကို ပြောသွားခဲ့သည်။

“ငှက်ဖျား ဆေးတစ်မျိုး ဖြစ်တဲ့ ကလိုရိုကွင်းကို ကိုရိုနာဗိုင်းရပ်စ်သစ် ကုသဖို့ ဒါမှမဟုတ် ကာကွယ်ဖို့အတွက် အသုံးမပြုသင့်ဘူး ဆိုပြီး ကျွမ်းကျင်သူတွေက အခိုင်အမာ ပြောထားပါတယ်” ဟု Banner Health က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly