တစ်ရှူးလိပ်စိန်ခေါ်မှု လုပ်ရာကနေ ကလေးမျက်နှာကို ကန်မိသွားတဲ့ ပေါ့ဂ်ဘာရဲ့ဇနီးသည်

တစ်ရှူးလိပ်စိန်ခေါ်မှု လုပ်ရာကနေ ကလေးမျက်နှာကို ကန်မိသွားတဲ့ ပေါ့ဂ်ဘာရဲ့ဇနီးသည်

ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေအကြားမှာ ရေပန်းစားနေတဲ့ တစ်ရှူးလိပ်စိန်ခေါ်မှုအကြောင်း အားလုံး သိပြီး ဖြစ်ကြမှာပါ။ တစ်ရှူးလိပ်တစ်လိပ်ကို ခြေထောက်ထဲမှာ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်သလဲဆိုတဲ့ စိန်ခေါ်မှုက ဘောလုံးသမားတွေကြားမှာ ရေပန်းစားနေပြီး နေအိမ်မှာ အနားယူနေရတဲ့ အချိန်အတွင်း သူတို့ရဲ့ စိန်ခေါ်မှု ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာတွေကနေ ဖော်ပြနေကြတာပါ။

အခုလည်း ပေါ့ဂ်ဘာရဲ့ ဇနီးသည်ဖြစ်တဲ့ မာရီယာ ဇူလေးက ဒီ စိန်ခေါ်မှုကို ပါဝင်ဖို့ ကြိုးစားခဲ့တယ်။

ဒါပေမယ့် သူက ကံဆိုးစွာနဲ့ပဲ တလွဲတချော်ဖြစ်ခဲ့ပြီး သူကန်လိုက်တဲ့ တစ်ရှူးလိပ်က နံဘေးမှာ ရပ်နေတဲ့ သားဖြစ်သူရဲ့ မျက်နှာကို တည့်တည့်ထိသွားခဲ့တာပါ။

ဒီအဖြစ်အပျက်က ရယ်စရာလည်းကောင်းပြီး ကလေးလေးက နာသွားပေမယ့် ငိုတော့ မငိုခဲ့ပါဘူး။

ဗီဒီယုုိဖိုင်ထဲမှာတော့ အိမ်နေရင်း ဂါဝန်ရှည်ကို ဝတ်ဆင်ထားတဲ့ မာရီယာ ဟာ သူမရဲ့ ဂါဝန်ကို မ ပြီး ပေါ့ဂ်ဘာ ပစ်ပေးတဲ့ တစ်ရှူးလိပ်ကို ခြေထောက်နဲ့ ကန်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဒုတိယ တစ်ချက်ကို ကန်လိုက်စဉ်မှာပဲ အဲဒီ တစ်ရှူးက လမ်းကြောင်းလွဲသွားခဲ့ပြီး နံဘေးမှာ ရပ်နေတဲ့ သားဖြစ်သူရဲ့ မျက်နှာကို တည့်တည့်ကြီး ထိသွားခဲ့တာပါ။

ဒီ ဗီဒီယိုထဲမှာ ပရိသတ်တွေ တွေ့လိုက်ရတဲ့ အခြားအံ့သြစရာတစ်ခုက ပေါ့ဂ်ဘာကို ကတုံးဆံပင်နဲ့ တွေ့လိုက်ကြရတာကိုပါ။ ဆံပင်ပုံစံအမျိုးမျိုးပြောင်းလဲရတာ ကြိုက်တဲ့ ပေါ့ဂ်ဘာတစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတောင် ဆံပင်ပုံစံအသစ်နဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့သေးပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဘယ်ကနေ ဘယ်လို ကတုံးဆံပင် ဖြစ်သွားမှန်းမသိပါဘူး။

လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာ တို့ မိသားစုက မန်ချက်စတာမှာရှိတဲ့ နေအိမ်အတွင်းမှာပဲ Covid-19 အန္တရာယ်ကို ကာကွယ်ဖို့ ကြိုးစားနေပြီး နေအိမ်အတွင်းမှာပဲ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေကြတာကို တွေ့ရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly