ကျန်းမာရေးအသုံးအဆောင် ပစ္စည်းများ အဆမတန် ဈေးမြင့်တက်

 ရန်ကုန်၊ မတ် ၂၆ရက်

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ သုံးဦးရှိလာပြီးနောက် အခြေခံစားသောက်ကုန်များထက် ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများမှာ အဆမတန်ဈေးမြင့်တက်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရသည်။
 
Mask၊ လက်သန့်ဆေးရည်၊ တစ်ခါသုံးလက်အိတ်နှင့် ပိုးသတ်ဆေးများအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ပစ္စည်းဆေးဝါးများ ပစ္စည်းပြတ်တောက်မှုများရှိသလို ဈေးမတန်တဆ တင်ကာ ရောင်းချမှုများရှိသည်။

မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည့် မဖြိုးဝေက "အိမ်မှာသုံးဖို့ Hand gelလိုက်ရှာတာ ဘယ်မှာမှမတွေ့တော့ဘူး။ ဟိုတနေ့ဆိုင်တစ်ဆိုင်မှာတွေ့တော့ ဝယ်ခဲ့တာ ဘူးသေးလေးပါ တစ်ဘူးကို ၂၈၀၀ပေးရတယ် " ဟု ပြောသည်။

Mask များအား တစ်ထုပ်လျှင် ၉၀၀၀ကျပ်ရောင်းချမှုများရှိသကဲ့သို့ Mask တစ်ခုလျှင် ၁၀၀၀ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေမှုများလည်း တွေ့ရသည်။

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP)မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းကတော့ အစိုးရအနေဖြင့် အခုလက်ရှိတွင်ဖြစ်ပေါ်နေသော mask များ၊ လက်သန့်ဆေးရည်များ စသည်တို့ မလိုလားအပ်ဘဲ ဈေးမြင့်တက်နေသည်ကို ဝင်ကြပ်မတ်သင့်ကြောင်း မဇ္ဈိမသို့ ပြောသည်။

"တချို့ မလိုလားဘဲနဲ့ ဈေးတင်နေတဲ့ ကိစ္စမျိုးဆိုရင် အစိုးရက ဝင်ကြပ်မတ်ရတော့မယ်။ အခု ကျွန်တော်တို့ မျက်နှာဖုံးတစ်ခုကို ၁၀၀၀၊ ၁၅၀၀နဲ့ ရောင်းနေတာတွေရှိတယ်။ နောက်တစ်ခါ လက်ဆေးရည်ကိစ္စမျိုးတွေပေါ့။ နောက် ကျွန်တော်တို့လိုအပ်တဲ့ အရေးကြီး ပစ္စည်းတွေမှာ တချို့ဟာတွေမှာ အစိုးရက ဝင်ကြပ်မတ်ရလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ် "ဟု ၎င်းက ‌ဆိုသည်။

ဆေးဆိုင်များတွင် ပိုးသတ်ဆေးများ ရောင်းအားကောင်းစေသလို ဗီတာမင်စီအားကောင်းစေသော ဆေးများနှင့် သံပုရာသီး၊ ဇီးသီးတို့ပင် ဈေးမြင့်တက်နေသည်ကို တွေ့ရသည်။  

ကုန်ဈေးနှုန်းတွေကို ကြီးကြီးမားမားအသုံးချသူများအား အရေးယူမည်ဟု မတ်လ ၁၃ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ကျန်းမာရေးအသုံးအဆောင်များ ဈေးအဆမတန်ရောင်းချနေသည်ကို အစိုးရအနေဖြင့် ထိထိရောက်ရောက် အရေးယူပေးစေချင်ကြောင်း ပြည်သူတစ်ဦးဖြစ်သည့် ဒေါ်မြင့်မြင့်သန်းက
" ပြောတဲ့အတိုင်း တကယ်အရေးယူပေးဖို့ပဲ မျှော်လင့်တယ်။ ထိထိရောက်ရောက်ပေါ့" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19ကူးစက်ခံရသူ သုံးဦးရှိပြီး သံသယနှင့် စောင့်ကြည့်လူနာ စုစုပေါင်း ၂၇၅ဦးရှိသည်။

ကူးစက်ခံရသူ သုံးဦးသည် နိုင်ငံပြင်ပမှ ကူးစက်လာသူများဖြစ်ကာ ၎င်းတို့အနက် နှစ်ဦးကို ရန်ကုန်မြို့၊ ဝေဘာဂီ အထူးကုဆေးရုံတွင်လည်းကောင်း၊ ကျန် တစ်ဦးကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင်လည်းကောင်း သီးခြားထားရှိကာ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required