တနင်္သာရီတိုင်းအတွင်းသို့ ဘုရားဖူးယာဉ်များ ဝင်ရောက်ခွင့် ပိတ်ပင်

တနင်္သာရီတိုင်းအတွင်းသို့ ဘုရားဖူးယာဉ်များ ဝင်ရောက်ခွင့် ပိတ်ပင်

မြိတ်၊ မတ် (၂၆)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုရာနာဗိုင်းရပ်စ် (COVID-19)ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  တိုင်းဒေသကြီးအတွင်း ဘုရာဖူးယာဉ်များ ဝင်ခွင့်ကို ပိတ်လိုက်ကြောင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသရေး ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌ ဝန်ကြီး ဦးဟိုပင်ထံမှ သိရသည်။

“ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး၊ လိုအပ်ချက်အရ ကျွန်တော်တို့ ဘုရားဖူးယာဉ်တွေကို ဝင်ခွင့်ပိတ်လိုက်တာဖြစ်တယ်။ အခြားခရီးသည် ယာဉ်နှင့်ကုန်ကားတွေကို ပုံမှန်အတိုင်း ဝင်ခွင့်ပြုထားပါသေးတယ်”ဟု ဝန်ကြီး ဦးဟိုပင် က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အသီးသီးတို့ကို ခရီးသည်ယာဉ်နှင့် ကုန်ကားများမှအပ ဘုရားဖူးယာဉ်များ ဝင်ခွင့်ကို မတ် ၂၄ရက်မှစတင်ကာ မလွဲတောင်စစ်ဆေးရေးဂိတ်တွင် “လူစု၊ လူဝေးဖြင့် လာရောက်မည့် ဘုရားဖူးမော်တော်ယာဉ်ကြီးများအား ဝင်ရောက်ခွင့် မပြု” နှင့် “ကျန်းမာရေး စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။”ဟု စာသားပါ ဆိုင်းဘုတ် ဗွီနိုင်းများစိုက်ထူပြီး စစ်ဆေးပိတ်ပင်နေခြင်းဖြစ်သည်။

တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာမည့် ဘုရားဖူးယာဉ်များအားလုံးကို မတ် ၂၄ ရက်မှ ဧပြီလ၃၀ ရက်နေ့ အထိ ဝင်ခွင့်ပိတ်သွားမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါကူးစက်မှု ကာကွယ် ထိန်းချုပ်ကုသရေး ဦးဆောင် ကော်မတီ၏ ဥက္ကဋ္ဌ ဝန်ကြီးဦးဟိုပင်က ဆိုသည်။

မတ်လ ၂၅ ရက် ညနေပိုင်းအထိ နောက်ဆုံးရသတင်းများမှာ တနင်္သာရီတိုင်းဒေသကြီး ခရိုင် ၃ ခုတွင် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် လူနာ ၅ ဦး ရှိနေပြီး၊ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင် ၂ ဦးနှင့် ထားဝယ်ဆေးရုံတွင် ၁ ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required