ပိုမို ပူနွေးစွတ်စိုသောရာသီက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို နှောင့်နှေးနိုင်ဟု သိပ္ပံပညာရှင်များ ခန့်မှန်း

ပိုမို ပူနွေးစွတ်စိုသောရာသီက ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို နှောင့်နှေးနိုင်ဟု သိပ္ပံပညာရှင်များ ခန့်မှန်း

မတ် ၂၆

ဆောင်းရာသီအကုန်သည် အစဉ်အလာအားဖြင့် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားချိန်ဖြစ်သည်။  သို့သော် ၂၀၂၀ ခုနှစ်တွင်မူ ထိုသို့မဟုတ်ဘဲ ကမ္ဘာ့မြောက်ခြမ်းတွင် နွေဦးချိန်ခါ၌ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်တားဆီးရန် တင်းကျပ်သော ပိတ်ဆို့တားဆီးမှုများ ကြုံတွေ့ခဲ့ရသည်။

သို့ရာတွင် သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တိုက်ဖျက်ရန်အလို့ငှာ ပိုမိုပူနွေး၍ နေသာသော ရာသီဥတုကို မျှော်လင့်နေကြသည်။ COVID-19 ရောဂါသည် တခြားသော ရာသီအလိုက်ဖြစ်ပွားသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့်အလားသဏ္ဍာန်တူသည်ဆိုပါက လာမည့်လများ၌ ဗိုင်းရပ်စ်ကို အနည်းဆုံး ခေတ္တမျှ ထိန်းချုပ်နိုင်ပေလိမ့်မည်။

လေ့လာသူအချို့၏အဆိုအရ ကိုရိုနာဗိုင်းရပ်စ်သစ်သည် လူများအကြားနှစ်ပေါင်းများစွာ လှည့်လည်သည့် မျိုးရိုးဗီဇလက္ခဏာအရ ၎င်းအတွက် အချိန်ကာလ သတ်သတ်မှတ်မှတ်ရှိလိမ့်မည်ဖြစ်သည်။ COVID-19 သည် ကမ္ဘာပေါ်ရှိ သမပိုင်းဒေသများထက် အပူပိုင်းဒေသများတွင် ခြေကုပ်ယူရန် ပိုမိုခက်ခဲကြောင်း သုတေသနအရ သိရသည်။

“သက်သေအထောက်အထားတွေအပေါ် အခြေခံပြီးပြောရရင် ဗိုင်းရပ်စ်က ရာသီဥတုပိုပူတဲ့ လူတွေအကြား ပျံ့နှံ့ရတာ သူ့အတွက် ပိုခက်ခဲပါတယ်” ဟု University of Maryland’s Institute of Virology မှ တွဲဖက်ပါမောက္ခ Mohammad Sajadi က ပြောသည်။

မြင့်မားသောအပူချိန်နှင့် စိုထိုင်းဆများက COVID-19 ကူးစက်ပျံ့နှံ့မှုကို သိသိသာသာ လျော့နည်းစေနိုင်ကြောင်း တရုတ်နိုင်ငံ Beihang and Tsinghua တက္ကသိုလ်များမှ သိပ္ပံပညာရှင်များက ပြောသည်။ ဗိုင်းရပ်စ်သည် နေရာမရွေးပျံ့နှံ့နိုင်သော်လည်း စိုထိုင်းဆနည်းပြီး အပူချိန် (၅) ဒီဂရီဆဲလ်ဆီယပ်နှင့် (၁၁) ဒီဂရီ ဆဲလ်ဆီယပ်အတွင်း၌ လူများအကြား ထိရောက်စွာ ကူးစက်နိုင်သည်ဟု ပါမောက္ခ Sajadi ၏ သုတေသနအရ သိရသည်။

လက်ရှိအချိန်တွင် COVID-19 ကူးစက်မှုအခံရဆုံးမှာ အီကွေတာမြောက်ဘက် အပူချိန် (၃၀) နှင့် (၅၀) ဒီဂရီဆဲလ်စီယပ် ရှိ ဒေသများဖြစ်ပြီး တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတောင်ပိုင်းတို့ ပါဝင်သည်။

နွေဦးနှင့်နွေရာသီရောက်ပါက ဗိုင်းရပ်စ်ကူးစက်မှု ချုပ်တည်းနိုင်ပြီး (၂၀၂၀-၂၀၂၁) ခုနှစ် ဆောင်းရာသီရောက်မှသာ ကူးစက်မှု ပြန်လည်မြင့်တက်နိုင်သည်ဟု ဆွစ်ဇာလန်ရှိ Basel University    နှင့် ဆွီဒင်မှ Karolinska Institute က သတိပေးထားသည်။

ဤနည်းအတိုင်းသာဖြစ်ခဲ့လျှင် ယခုကပ်ရောဂါသည် (၁၉၁၈-၁၉၁၉) ခုနှစ်က ကမ္ဘာ့လူဦးရေသုံးပုံတစ်ပုံခန့်ကိုကူးစက်ခဲ့ပြီး အနည်းဆုံး လူ သန်း (၅၀) သေဆုံးခဲ့သည့် စပိန်တုပ်ကွေးနှင့် အလားသဏ္ဍာန်တူမည်ဖြစ်သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် အဘယ်ကြောင့် ရာသီအလိုက် ဖြစ်ပေါ်သည်ကို ကောင်းကောင်းနားမလည်ကြသော်လည်း သိပ္ပံပညာရှင်များက အချက်များစွာဖြင့် ထောက်ပြပြောဆိုခဲ့သည်။

ပထမတစ်ချက်မှာ ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်သာမန်အပူချိန် (၃၇) ဒီဂရီဆဲလ်စီယပ်၌  လူများအကြား ကူးစက်ပွားများနိုင်သော်လည်း လူ့ခန္ဓာကိုယ်ပြင်ပ အပူချိန်နှင့်စိုထိုင်းဆနည်းချိန်၌လည်း ရှင်သန်နိုင်ကာ ပို၍ပင် ကူးစက်သည်။

ဒုတိယတစ်ချက်မှာ သမပိုင်းဒေသများမှလူများသည် အေးသောကာလ၌ အိမ်ထဲတွင် အနီးကပ်နေကာ အချိန်ကုန်ဆုံးလေ့ရှိကြခြင်းကြောင့်ဖြစ်သည်။

နောက်ဆုံးတတိယအချက်မှာ ဆောင်းတွင်း၌ ဗီတာမင် D ထုတ်လုပ်ရန် နေရောင်ခြည်ကောင်းကောင်းမရရှိသည့်အတွက် လူ့ကိုယ်ခံအားစနစ် နည်းနေခြင်းကြောင့် ဖြစ်သည်။

COVID-19 ဗိုင်းရပ်စ်သည် ယခုမှတွေ့သည့် ဗိုင်းရပ်စ်သစ်တစ်မျိုးဖြစ်ပြီး ယခင်ရှိဖူးသည့် ဗိုင်းရပ်စ်များနှင့် မတူကွဲပြားသည်။ ရှေးယခင်တွေ့ခဲ့ဖူးသည့်ဗိုင်းရပ်စ်များကို လူအများစုက ခံနိုင်ရည်ရှိခဲ့ကြပြီး ခံနိုင်ရည်မရှိသူ များသာ ကူးစက်ခံကြရသည်။ အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်သည့် ဗိုင်းရပ်စ်များသည် ၎င်းတို့အတွက် အကောင်းဆုံးအခြေအနေရှိမှာသာလျှင် လူများကို ကူးစက်ကြောင်း ဟားဗက်တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ Marc Lipsitch က ရှင်းပြသည်။

COVID-19 သည် အပူချိန်နှင့်စိုထိုင်းဆမြင့်မားမှုအပေါ် တုံ့ပြန်မှုရှိခြင်းသည် ပြင်းထန်ကူးစက်ရောဂါကို ကိုင်တွယ်နိုင်သော ကျန်းမာရေးစနစ်ကို ပိုင်ဆိုင်ထားသည့် အာဖရိကရှိ နိုင်ငံများအတွက် သတင်းကောင်းတစ်ခုဖြစ်သည်ဟု East Anglia တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာပါမောက္ခ Paul Hunter ကပြောသည်။

“အာဖရိကသည် ဥရောပနှင့်မြောက်အမေရိကတို့လောက် ကပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားရလိမ့်မည် မထင်ကြောင်း ပါမောက္ခ Hunter က ခန့်မှန်းပြောဆိုခဲ့သည်။