ပျဉ်းမနားမြို့တွင် တရုတ်မှ ပြန်လာသည့် COVID-19 သံသယလူနာ သုံးဦး တွေ့ရှိ

ပျဉ်းမနားမြို့တွင် တရုတ်မှ ပြန်လာသည့် COVID-19 သံသယလူနာ သုံးဦး တွေ့ရှိ

နေပြည်တော်၊ မတ်လ ၂၅

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဦးမင်းဒင်ရပ်ကွက်တွင် တရုတ်နိုင်ငံမှ ပြန်လာသည့် COVID-19 သံသယ လူနာသုံးဦးတွေ့ရှိပြီး အားလုံးကျန်းမာရေး အခြေအနေကောင်းမွန်ကြောင်း ပျဉ်းမနားမြို့ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံ ခေတ္တဆေးရုံအုပ် ဒေါက်တာ ဒေါ်နန္ဒာကျော်က မတ်လ ၂၅ရက်နေ့ ညနေက မဇ္စျိမကို အတည်ပြုသည်။

“ကျွန်မတို့ ဓာတ်ခွဲစစ်ဆေးထားတဲ့ အခြေအနေပဲ ရှိပါသေးတယ်ရှင့်။ ပြောလို့တော့မရသေးဘူး။ သံသယလူနာပဲရှိပါသေးတယ်။ ကောင်းကောင်းစောင့်ကြည့်နေပါတယ်။ကျန်းမာရေးအခြေအနေကကောင်းပါတယ်”ဟု ဒေါက်တာ နန္ဒာကျော်က ပြောသည်။

အဆိုပါ သံသယလူနာသုံးဦးသည် တရုတ်နိုင်ငံမှ ပြန်လာခြင်း ဖြစ်ပြီး ပျဉ်းမနားမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်ကာ ဆေးစစ်ချက်အဖြေကို ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ ပေးပို့ထား၍ ပျဉ်းမနားမြို့ ကုတင် ၂ဝဝဆံ့ ပြည်သူ့ ဆေးရုံးကြီးတွင် သီးသန့်ထားရှိ ကုသနေကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါ သံသယ လူနာသုံးဦးပြန်လာသည့်လမ်းကြောင်းတစ်လျှောက်ကို သတင်းပေးပို့ထားပြီဖြစ်ကြောင်းနှင့် ဆေးစစ်ချက်အဖြေကို မတ်လ ၂၆ ရက်နေ့တွင် ရရှိမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာကျော်က ဆက်လက်ပြောသည်။

“ ဦးမင်းဒင်ရပ်ကွက်က သားအမိသုံးယောက်က ဖျားလည်းဖျားနေတယ်။တရုတ်ပြည်က ဒီကနေ့ မနက်၈ နာရီရောက်လာတဲ့ သားအမိသုံးယောက် တရုတ်ပြည် ကွမ်လုံကနေပြီးတော့ လောက်ကိုင်ကနေပြီးတော့ ပျဉ်းမနားပြန်လာတယ်။ တရုတ်ပြည်ကနေ လောက်ကိုင်ဆင်းတယ်။ အဲဒါဖျားလည်း ဖျားနေတယ်။ အဲ့ဒီရဲ့ Result ကို ဆေးစစ်ချက်ကို တင်ထားဆဲပဲရှိသေးတယ်။ သံသယလူနာအဖြစ်စောင့်ကြည့်နေတာပေါ့။ အဖြေထွက်လာရင်တော့ ဟုတ်တယ်။မဟုတ်ဘူး။ ခုထိတော့ အဖြေထွက်မလာသေးဘူး” ဟု ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်ကပြောသည်။

နိုင်ငံခြားမှ ပြန်လာသူအချို့သည် အောက်လမ်းမှ ပြန်လာသူများရှိသဖြင့် Quarantine မလုပ်နိုင်သည့် အခြေအနေများရှိကြောင်းနှင့် ယခု သံသယလူနာသုံးဦးသည်လည်း Quarantine ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ဦးသန်းစိုးအောင်က ဆိုသည်။

“သူတို့က မရှိဘူးလေ။ မရှိဘဲနဲ့ ။ ဖြစ်မှပဲ နိုင်ငံခြားက ပြန်လာတယ်ဆိုတာသိရတာပေါ့ ကျွန်တော်တို့က အခုပျဉ်းမနားမှာ အခုဆိုရင် အုပ်စုလိုက်ပြန်လာတယ်။မြဝတီဘက်ကလာတယ်ဆိုရင် သူ့ဟာသူ ဒက္ခိဏဆေးရုံကတော့စစ်ပြီးတာနဲ့ Quarantine ထဲထည့်။ အဲဒါကနေပြီးတော့ နေပြည်တော်ကောင်စီနဲ့ ကျန်းမာရေးဌာနနဲ့ ကြပ်ကြပ်မတ်မတ်လုပ် ။ဒါပေမယ့် မြန်မာနိုင်ငံမှာ တစ်ချို့အောက်လမ်းက ပြန်လာတဲ့လူ ရှိမှာပဲလေ အဲ့လိုပြန်လာတဲ့လူကျတော့ သူတို့က ဘယ်လိုမှ စစ်လည်းမစစ်ဘူး။ ဘယ်လိုမှ မဟုတ်ဘူး။ ဘယ်မှလည်းမဝင်ဘဲပြန်လာတာ။ အဲ့ဒီလူတွေကို အခု ဒီကနေ့ အစည်းအဝေးမှာကော အရင်ကတည်းက သူတို့က ရောက်နေတာ။ အဲ့ဒီလူတွေကို သတင်းပို့ဖို့ ဆိုပြီးတော့ အကုန်လုပ်ထားတာ မနေ့ကအထိကို ၃၂ယောက်ရှိတယ်။ အခုဒီနေ့ ငါးယောက် ထပ်လာတယ်။ အဲ့ဒီ လူတွေကိုတော့ ကျွန်တော်တို့ Quarantine လုပ်မယ်”ဟု ဦးသန်းစိုးအောင်ကပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၃ဦးရှိပြီဖြစ်ကြောင်း ယနေ့နံနက် ၁နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly