ဗုဒ္ဓဂါယာက ပြန်လာသည့် အမျိုးသားတစ်ဦး COVID-19 သံသယလူနာအဖြစ် ဆေးရုံတင်ထား

ဗုဒ္ဓဂါယာက ပြန်လာသည့် အမျိုးသားတစ်ဦး COVID-19 သံသယလူနာအဖြစ် ဆေးရုံတင်ထား
COVID-19 ရောဂါ ရှိ/မရှိ ကျန်းမာရေးဆောင်ရွက်မှုလုပ်နေကြ

ရန်ကုန်၊မတ်လ ၂၅ 

အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂါယာဘုရားဖူး အလည်အပတ် ခရီးစဉ်သွားပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာသည့် မွန်ပြည်နယ်မှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို COVID-19 ရောဂါ သံသယလူနာအဖြစ် မော်လမြိုင်ဆေးရုံတွင် တင်ထား ကြောင်း သိရသည်။ 

ထိုအမျိုးသားမှာ ဗုဒ္ဓဂါယာတွင် ၁၁ ရက်ကြာ လည်ပတ်ခဲ့ပြီးနောက် မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ဖျားနာနေသည်မှာလည်း နှစ်ရက် ရှိပြီဖြစ်ကြောင်း မော်လမြိုင်ဆေးရုံအုပ်ကြီး‌ ဒေါက်တာကျော်မြင့်က ပြောသည်။ 

"သူကတော့ ဆေးခန်းကို နေမကောင်းလို့၊ ကိုယ်ပူလို့၊ ရင်ကြပ်လို့ဆိုပြီး သွားပြတယ်။ အဲ့က ဆရာဝန်က ကျွန်တော်တို့ဆီ ပို့လိုက်တယ်။ ကျွန်တော်တို့ စစ်ဆေးကြည့်တော့ COVID-19 (ကိုဗစ်-၁၉) သံသယလူနာအဖြစ် တွေ့ရှိရတဲ့အတွက် အခု သူ့ကို isolation ward ထဲမှာ ထည့်ထားတယ်"ဟု ၎င်းက ပြောသည်။ 

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ ဘုရားဖူး အလည်အပတ် ခရီးသွားသူ အရေအတွက်မှာ ၂၅၄၈ ဦးရှိပြီး ၎င်းတို့အားလုံး စောင့်ကြည့် လူနာအဖြစ် အထားမခံခဲ့ရဘဲ အကုန်လုံး နေရပ်သို့ ပြန်လည် ရောက်ရှိနေကြောင်း ဗုဒ္ဓဂါယာဘုရားဖူး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။ 

" Quarantine အလုပ်မခံရဘူး။ အဲ့တုန်းက ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လာကြတယ်။ လေဆိပ်မှာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ဖောင်တွေဖြည့်တယ်။ ကိုယ်အပူအချိန် တိုင်းတာစစ်ဆေးကြတယ်။ ပြီးတော့ အကုန်လုံး အိမ်ကို အသီးသီး ပြန်သွားကြတယ်"ဟု ၎င်းက ပြောသည်။ 

ဗုဒ္ဓဂါယာဘုရားဖူး ခရီးသွားများကို Quarantine မပြုလုပ်ရခြင်းက စောင့်ကြည့်မည့် ပြည်ပနိုင်ငံ ၁၆ နိုင်ငံထဲတွင် အိန္ဒိယနိုင်ငံ မပါခြင်းကြောင့်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။  

"ကျွန်မတို့ ၂၂ ရက်နေ့ကနေ ထုတ်ပြန်ချက်အရ ရောဂါရှိ/မရှိ စစ်ဆေးမည့် ပြည်ပနိုင်ငံ ၁၆ နိုင်ငံထဲမှာ အိန္ဒိယနိုင်ငံက ပါဝင်ခြင်း မရှိတဲ့အတွက်ကြောင့်"ဟု ပြောသည်။ 

အဆိုပါ သံသယလူနာသည် မတ်လ ၁၄ ရက်နေ့ ညနေ ၆ နာရီခွဲတွင် မော်လမြိုင်ဆေးရုံကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၅ ရက် ညပိုင်းမှာ လူနာ၏ ဆေးစစ်ချက်အဖြေ ထွက်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly