တရုတ်၌ ဆဲလ်ဖုန်းအသုံးပြုသူ ၂၁ သန်း လျော့နည်းသွားခြင်းက CCP ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ မြင့်မားကြောင်း ညွှန်ပြနေ

တရုတ်၌ ဆဲလ်ဖုန်းအသုံးပြုသူ ၂၁ သန်း လျော့နည်းသွားခြင်းက CCP ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ မြင့်မားကြောင်း ညွှန်ပြနေ

မတ် ၂၅

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သုံးလအတွင်း ဆဲလ်ဖုန်းအသုံးပြုသူ ၂၁ သန်း လျော့ကျသွားသည်ဟု ဘေကျင်းအာဏာပိုင်များက မတ်လ (၁၉) ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ CCP (Chinese Communist Party) ဗိုင်းရပ်စ် ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများရှိနေ၍ ဖုန်းအသုံးမပြုသူ များပြားလာခြင်းသည် အကြောင်းရင်းတစ်ခုဖြစ်နိုင်သည်။

“တရုတ်နိုင်ငံမှာက ဒစ်ဂျစ်တယ်စနစ်က မြင့်မားပြီး အသုံးဝင်တယ်၊ ဖုန်းမရှိလို့ မဖြစ်ဘူး၊ ပင်စင်နဲ့လုံခြုံရေးကိစ္စတွေအတွက် အစိုးရနဲ့ ချိတ်ဆက်လုပ်ဆောင်ရတာတွေ၊ ရထားလက်မှတ်ဝယ်တာ၊ ဈေးဝယ်ထွက်တာနဲ့ လူတွေ ဘာပဲလုပ်လုပ် ဖုန်းသုံးဖို့ လိုအပ်တယ်” ဟု အမေရိကန်အခြေစိုက် တရုတ်ရေးရာဆွေးနွေးပြောဆိုသူ Tang Jingyuan က မတ်လ ၂၁ ရက်မှာ The Epoch Times ကို ပြောသည်။

တရုတ်နိုင်ငံတွင် Health Code စနစ်ကို ဖုန်းဖြင့်အသုံးပြုကြပြီး အစိမ်းရောင် Health Code ရရှိထားသူများသာ နိုင်ငံအတွင်း သွားလာနိုင်သောကြောင့် ဖုန်းကိုစွန့်လွှတ်ရန်မှာ မဖြစ်နိုင်ကြောင်း Tang ကပြောသည်။ တရုတ်တွင် မတ်လ ၁၀ ရက်မှစ၍ ဆဲလ်ဖုန်းကိုအခြေခံသော Health Code များ စတင်အသုံးပြုခဲ့ကြပြီး အရောင် QR Code သုံးမျိုးသတ်မှတ်ထားသည်။

အနီရောင်အဆင့်ဆိုလျှင် ရောဂါကူးစက်ခံနေရသူ၊ အဝါရောင်ဆိုလျှင် သံသယရှိသူနှင့် အစိမ်းရောင်မှာ ရောဂါကင်းစင်သူ စသဖြင့် သတ်မှတ်ထားသည်။ ထို့ပြင် ဖုန်းတွင် အပလီကေးရှင်းများထည့်သွင်းကာ ဘဏ်အကောင့်နှင့် လုံခြုံရေးဆိုင်ရာအကောင့်များသည် SIM ကတ်နှင့်ချိတ်ဆက်လုပ်ဆောင်ကြသည်။

စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MITT) က ဖေဖော်ဝါရီလအတွင်း ပြည်နယ်တစ်ခုချင်းစီ၏ ကြိုးဖုန်းနှင့် ဆဲလ်ဖုန်းအသုံးပြုသူအရေအတွက်ကို မတ်လ ၁၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာချက်သည် ယမန်နှစ် နိုဝင်ဘာလအတွက်ကြေညာချက်ထက် သိသိသာသာ ကျဆင်းခဲ့သည်။ ဆဲလ်ဖုန်းအသုံးပြုသူသည် ၁.၆၀၀၉၅၇ ဘီလီယံမှ ၁.၅၇၉၉၂၇ ဘီလီယံ ထိကျဆင်းကာ ၂၁.၀၃ သန်း လျော့နည်းသွားပြီး ကြိုးဖုန်းအသုံးပြုသူသည် ၁၉၀.၈၃ သန်းမှ ၁၈၉.၉၉ သန်းသို့ အရေအတွက်ကျဆင်းလျက် ၈၄၀ ၀၀၀ ခန့် လျော့နည်းသွားကြောင်း တွေ့ရှိရသည်။

တရုတ်နိုင်ငံကိန်းဂဏန်းအချက်အလက်ဆိုင်ရာအမျိုးသားဗျူရို၏ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အကုန်တွင် နိုင်ငံ့လူဦးရေသည် ၂၀၁၈ ကထက် ၄.၆၇ သန်းပိုများခဲ့ပြီး ၁.၄၀၀၀၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလအတွင်းက လုပ်ငန်းငယ်များရပ်နားသွားပြီး နိုင်ငံအဝှမ်း အသွားအလာကန့်သတ်ခြင်းကြောင့် ကြိုးဖုန်းအသုံးပြုသူ လျော့နည်းဟန်ရှိသော်လည်း ဆဲလ်ဖုန်းအသုံးပြုသူလျော့နည်းခြင်းကို ဤနည်းဖြင့် ခန့်မှန်းပြော၍ မရနိုင်ချေ။

တရုတ်တွင် အရွယ်ရောက်သူတိုင်းကို ဆဲလ်ဖုန်းနံပါတ် ငါးခုအထိ အသုံးပြုခွင့်ပေးထားသည်။ ကျောင်းများပိတ်ထားသည့်အတွက် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ကျောင်းသားများသည် ဆဲလ်ဖုန်းနံပါတ်သုံးအကောင့်ဖြင့် အွန်န်လိုင်းကတစ်ဆင့် သင်ကြားနေရသည်။

 ဆဲလ်ဖုန်းအကောင့်များ သိသိသာသာလျော့နည်းသွားခြင်းသည် CCP ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားသူများ၏ အကောင့်များ လှုပ်ရှားသက်ဝင်မှုမရှိတော့ခြင်းကြောင့်လားဆိုသည်မှာ မေးစရာအချက်တစ်ချက်ဖြစ်သည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ ဖုန်းနံပါတ် နှစ်ခုသုံးတာလည်းဖြစ်နိုင်ပါတယ်၊ တစ်ခုက သူတို့ရဲ့မွေးရပ်မြေမှာ အသုံးပြုတဲ့ဖုန်း ၊ နောက်တစ်ခုက အလုပ်လုပ်တဲ့မြို့မှာ သုံးတဲ့ဖုန်း၊ အလုပ်မလာနိုင်ကြတော့လို့ အလုပ်ကဖုန်းကို ပိတ်ထားတာလည်း ဖြစ်နိုင်ပါတယ်” Tang ကဆိုသည်။ သို့သော် တရုတ်တွင် ဆဲလ်ဖုန်းကိုင်လျှင် လစဉ်ကြေးပေးရသည့်အတွက် ဝင်ငွေအနည်းဆုံး ရွှေ့ပြောင်းအလုပ်သမားအများစုသည် ဖုန်းနံပါတ်တစ်ခုသာ ကိုင်ဆောင်နိုင်သည်။

“အခုအချိန်မှာ အချက်အလက်အတိအကျ မသိရသေးပါဘူး။ ဆဲလ်ဖုန်းအကောင့်ပိုင်ရှင်တွေက CCP ဗိုင်းရပ်စ်ကြောင့် သေဆုံးသွားလို့ ၁၀ ရာခိုင်နှုန်းလောက်ပဲ အကောင့်တွေပိတ်သွားတယ်ဆိုရင်တောင် သေဆုံးသူအရေအတွက်က နှစ်သန်းလောက် ရှိလိမ့်မယ်” လို့ Tang က ခန့်မှန်းပြောဆိုခဲ့သည်။

ဇန်နဝါရီနှောင်းပိုင်းက ဝူဟန်မြို့ရှိ သင်္ချိုင်း  ခုနှစ်ခု၌ တစ်ပတ်လုံး နေ့ညမပြတ် သေဆုံးသူရုပ်အလောင်းများကို မီးရှို့နေကြရသည်။ ဟူပေပြည်နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်ကတည်းက ရွေ့လျားမီးသင်္ဂြိုဟ်စက် အလုံး ၄၀ အသုံးပြုခဲ့ပြီး တစ်လုံးစီသည် တစ်နေ့လျှင် ဆေးရုံစွန့်ပစ်ပစ္စည်းနှင့်ရုပ်အလောင်း ငါးတန်ခန့် မီးရှို့ပေးနိုင်သည်။

ကိန်းဂဏန်းအချက်အလက်များ မရှိသည့်အတွက် အမှန်တကယ်သေဆုံးသူအရေအတွက်သည် ပဟေဠိတစ်ခုပင်ဖြစ်သည်။ အမှန်တကယ်သေဆုံးသူအရေအတွက်သည် တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းထက် ပို၍များနိုင်ကြောင်း ဆဲလ်ဖုန်းအသုံးပြုသူ ၂၁ သန်း လျော့ကျသွားသည့်အချက်က ညွှန်ပြလျက်ရှိသည်။

တရုတ်ကွန်မြူနစ်ပါတီ (Chinese Communist Party- CCP) ၏ သတင်းဖုံးဖိခြင်းနှင့် စီမံမှုအလွဲများကြောင့် နိုင်ငံတစ်လွှား ဗိုင်းရပ်စ်များပျံ့နှံ့စေခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအဆင့်ထိ ဖြစ်ခဲ့သောကြောင့် The Epoch Times သတင်းဌာနက COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်သစ်ကို တရုတ်ကွန်မြူနစ်ပါတီ (CCP) ဗိုင်းရပ်စ်  ဟု ရည်ညွှန်းပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly