COVID-19 အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ရေး လူမှုအဖွဲ့အစည်းများ ပြင်ဆင်နေ

COVID-19 အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ရေး လူမှုအဖွဲ့အစည်းများ ပြင်ဆင်နေ
ဆရာလေးတစ်ပါးကို COVID-19 ကာကွယ်နိုင်ရေး လက်သန့်ဆေးရည်များ ဖြန်းပေးနေခြင်း(ပုံ- သူရ မဇ္စျိမ)

ရန်ကုန်၊မတ်လ ၂၅

ရန်ကုန်မြို႔တွင် COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအပေါ် မူတည်ပြီး လူမှုအဖွဲ႔အစည်းများမှ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပံ့ပို႔ပေးနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ သုံးဦး ရှိလာသည့်နောက် လူမှုအဖွဲ႔အစည်းများမှ  ရောဂါ ကာကွယ် တားဆီးရေး ကာလအတွင်း လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် စေတနာ့ဝန်ထမ်းများ ခေါ်ယူခြင်း၊ ဆေးရုံမှာ လုပ်ကိုင် လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းသုံး ဆေးပစ္စည်းများ လှူဒါန်းရန် အလှူငွေများကောက်ခံခြင်းနှင့် စားနပ်ရိက္ခာများကို သက်သာသော စျေးနှုန်းဖြင့် အိမ်တိုင်ရာရောက် ပို႔ဆောင်ကူညီရေး  စသည့် ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကူအညီပေးရေး အစီအစဉ်ကို ရန်ကုန်မြို႔တွင် စည်းကမ်းမဲ့ အမှိုက်စွန်႔ပစ်မှုများကို ရှင်းလင်းဖယ်ရှားမှု Campaign နှင့် Challenge အစီအစဉ်များ ပြုလုပ်လျက်ရှိသည့် လူမှုအကျိုးပြု အဖွဲ႔အစည်းတစ်ခု ဖြစ်သော Clean Yangon အဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

Clean Yangon မှ တာဝန်ခံ တစ်ဦးဖြစ်သူ ကိုထူးမြတ်အောင်က “ကျွန်တော်တို႔ Clean Yangon အနေနဲ႔ လက်ရှိ ကရင်ပြည်နယ်နဲ႔ ရခိုင်ပြည်နယ်ကလွဲပြီး တိုင်းနဲ႔ ပြည်နယ် ၁၂ ခုမှာ ရှိတဲ့ Clean Myanmar အဖွဲ႔တွေဆီ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင် ၃၀၀၀၀ လောက်အထိ ဝေပေးပြီးပါပြီ။ ဒါ့အပြင် မှန်ကန်တဲ့ နည်းလမ်းနဲ႔ လက်ဆေး ဖို့အတွက် အနုပညာရှင်တွေနဲ႔ ပူးပေါင်းပြီး Challenge ပုံစံမျိုးလေးတွေနဲ႔ အသိပညာပေးနေတာတွေ လုပ်နေပါတယ်။ အရေးပေါ် ကာလအတွင်းမှာလည်း ကူညီပေးနိုင်အောင် စေတနာ့ဝန်ထမ်းတွေ ခေါ်ထားတာ အခုဆို အယောက် ၆၀ လောက် စာရင်းသွင်း ထားပြီးပါပြီ။ ပြီးတော့ Covid-19 ကာကွယ်ရေး လုပ်ငန်းတွေမှာ အဓိကကျတဲ့ ကျန်းမာရေး ဝန်ထမ်း တွေအတွက် လိုအပ်တဲ့ ဗီတာမင်ဆေးဝါးတွေ လှူဒါန်းပေးသွားဖို့လည်း အလှူငွေကောက်ခံနေတာရှိပါတယ်၊ လက်ရှိမှာ လည်း ၁၀ သိန်းကျော်လောက် ရနေပါပြီ။”ဟု ပြောသည်။

အဆိုပါ အလှူငွေများကို ဝေဘာဂီဆေးရုံ အပါအဝင် Quarantine လုပ်နေသည့် နေရာများသို့ သွားရောက် လှူဒါန်းရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။

ကိုထူးမြတ်အောင်က “အဓိကလှူဒါန်းဖို႔အတွက် ရည်ရွယ်နေထားက ဝေဘာဂီဆေးရုံအပါအဝင် Quarantine လုပ်နေတဲ့ နေရာတွေကို သွားရောက် လှူဒါန်းသွားဖို႔ စီစဉ်နေပါတယ်။ ရန်ကုန်မြို႕မှာ အခု အခြေအနေထက် ပိုပြီး ကူးစက်မှု ဖြစ်လာခဲ့ရင် ကျွန်တော်တို့ လက်ရှိ စေတနာ့ ဝန်ထမ်းအဖြစ် စာရင်းပေးထားတဲ့ သူတွေကို ကျန်းမာရေးဌာနတွေမှာ လိုအပ်တဲ့ အကူအညီတွေ ပေးသွားနိုင်ဖို႔အတွက်လည်း စုဆောင်းနေတာဖြစ်ပါတယ်။”ဟု ပြောသည်။

Clean Yangon အဖွဲ့အနေဖြင့် လူစုလူဝေးများ မပြုလုပ်ရန် ညွှန်ကြားထားသည့်အတွက် စည်းကမ်းမဲ့ အမှိုက်ရှင်းလင်းမှု Campaign နှင့် Challenge များ ရပ်နားထားရပေမယ့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဆေးဝါးများ လှူဒါန်းခြင်းအပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့်  ပူးပေါင်းပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန်႔ဝေခြင်းနှင့် ကျန်းမာရေးဌာနများမှ လိုအပ်သည့်အချိန်တွင် အကူအညီပေးနိုင်ရန် စေတနာ့ဝန်ထမ်းများ စုဆောင်းနေသည့် အစီအစဉ်များ ဆောင်ရွက်လျက် ကြောင်း သိရသည်။

ထို့နောက် We Love Yangon အဖွဲ့ကလည်း အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ COVID-19 ကာကွယ်ရေးအတွက် ရန်ကုန်မြို ့အတွင်း လက်ဆေးရည် (Hand Gel)ဗူးများ အခမဲ့ဖြန့်ဝေပေးခြင်း အပါအဝင် လက်ဆေးဘေစင်များ ထားရှိပေးခြင်းနှင့် စျေးများအတွင်း ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။

COVID-19 ကာကွယ်ရေး လက်သန့်ဆေးရည် ဖြန်းနေခြင်း။ (ပုံ-သူရ မဇ္စျိမ)

ထို့ပြင် COVID-19 ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို႔နေ ပြည်သူများ အိမ်အပြင် ထွက်စရာမလိုဘဲ ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် အိမ်တိုင်ရာရောက် ပို့ပေးမည့် အစီအစဉ် များလည်း We Love Yangon က ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်တွင် အိမ်ထောင်စုဝင် ၅ ဦး တစ်ပတ်စာ ဖူလုံနိုင်မည့် ဆန် ၆ ပြည် (ဧည့်မထ အသွယ်)၊ ဆီ ၅၀ သား တစ်ဘူး၊ ငါးသေတ္တာ ၅ ဘူးတစ်တွဲ၊ ကော်ဖီမစ် ၁၀ ထုပ် တစ်တွဲ၊ ကွေကာအုပ် ၅ ထုပ် တစ်တွဲ၊ ကြက်ဥ ၁၀ လုံး တစ်ကဒ် နှင့် အသင့်စား ခေါက်ဆွဲထုပ် ၅ ထုပ်ပါဝင်သော စားနပ်ရိက္ခာကို ကျပ် ၁၅၀၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

We Love Yangon မှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဝင်းခိုင်က “အခု ကျွန်တော်တို႔ We Love Yangon အဖွဲ႔အနေနဳ႔အရေးပေါ်ကာလ စီမံခန်႔ခွဲမှုကော်မတီ ဖွဲ့ထားပြီး ရန်ကုန်မြို႔မှာရှိတဲ့ ပြည်သူတွေ စားနပ်ရိက္ခာပူပန်စရာမရှိအောင် ပူးပေါင်း ကူညီပေးတဲ့ ကုမ္ပဏီတွေနဲ႔ ချိတ်ဆက်ပြီး အခြေခံလိုအပ်တဲ့ စားသောက်ကုန်တွေ မြို႔နယ်အလိုက် ပို႔ဆောင် ပေးသွားဖို႔ ပြင်ဆင်နေပါတယ်။ အခု Delivery ကုမ္ပဏီတွေကလည်း မေတ္တာနဲ႔ ကူညီပေးသွားဖို႔ လာရောက် ပူးပေါင်း တယ်။ ဒါ့ကြောင့် အကယ်၍များ ရန်ကုန်ကို Lockdown လုပ်လိုက်တဲ့ အခြေအနေဖြစ်လာရင် စားရေးသောက်ရေးက အဓိက ကျလာမှာဖြစ်လို႔ ဒီအခြေအနေအပေါ် အဆင်ပြေအောင် တိုင်းအစိုးရအဖွဲ႔နဲ႔ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ အခု ကျွန်တော်တို့ မှာယူမှုတွေ စတင်လက်ခံနေပြီး ပို႔ဆောင်ပေးရမယ့် နေရာတွေကို ဒီညနေ လောက်ကစပြီး ဖြန်႔နိုင်ဖို႔ စီစဉ်နေပါတယ်။ ကျွန်တော်တို႔ မှန်းထားတာကတော့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို ႔နယ်အလိုက် ဥက္ကဋ္ဌတွေနဲ႔ ချိတ်ဆက်ပြီးတော့ တကယ်လိုအပ်တဲ့ ပြည်သူတွေရဲ႔ စာရင်းရရင် ပို႔ဆောင်ပေးရတာ ပိုလွယ်ကူပါတယ်။ ဥပမာ-ရပ်ကွက်တစ်ခုမှာ အထုပ် ၁၀၀ လား၊ ၂၀၀ လားပေါ့။ ဒါဆိုရင် သက်ဆိုင်ရာ ဥက္ကဋ္ဌတွေ ကနေတဆင့် ထိထိ ရောက် ရောက် ဝေပေးမယ်၊ ငွေပြန်အပ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးဆိုရင် ပိုဆင်ပြေပါတယ်။ တစ်ဦးချင်းမှာတဲ့ အပိုင်းမှာတော့ ပို႔ဆောင် ရေး အပိုင်းမှာ အကန်႔အသတ်တွေ နည်းနည်းရှိနိုင်လို႔ စုပြီးမှာတဲ့ အနေအထားမျိုးလေး ဖြစ်စေချင်ပါတယ်”ဟု ပြော သည်။

ထို့နောက် We Love Yangon အဖွဲ႔အနေဖြင့် ရောဂါကာကွယ်ရေး ဝတ်စုံ(PPE)  အစုံ ၃၀၀၀ နီးပါး၊ ဆေးရုံသုံး mask များ နှင့် လက်သန်႔ဆေးရည် Hand Gel များကိုလည်း Covid-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်  အဖွဲ႔အစည်းများထံ လှူဒါန်းသွားမည်ဟု We Love Yangon မှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဝင်းခိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly