COVID-19 ကြောင့် အကျဉ်းထောင်/စခန်းများ ထောင်ဝင်စာတွေ့ခွင့် လူဦးရေ လျော့ချ

COVID-19 ကြောင့် အကျဉ်းထောင်/စခန်းများ ထောင်ဝင်စာတွေ့ခွင့် လူဦးရေ လျော့ချ

ရန်ကုန်၊မတ်လ ၂၅

ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးလုပ်ဆောင်ချက်တစ်ခုအဖြစ် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်/စခန်းများတွင် ထောင်ဝင်စာတွေ့ရာတွင် လူဦးရေလျော့ချ ကန့်သတ်မှုများ ပြုလုပ်လာခဲ့သည်။

"အရင်ကတော့ ထောင်ဝင်စာ လာတွေ့ရင် အကျဉ်းသားက ၃၀ ဆို လာတွေ့သူက ၆၀ လောက်ရှိတယ်။ အခုတော့ အဲ့လို မရတော့ဘူး။ အကျဉ်းသား တစ်ယောက်ဆိုရင် လာတွေ့သူက တစ်ယောက်ပဲ တွေ့ခွင့်ပေးတော့တယ်"ဟု အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးက မဇ္စျိမ သို့ ပြောသည်။

အဆိုပါ ရောဂါ ပိုမို ပြန့်နှံ့လာပါက ထောင်ဝင်စာ တွေ့ခွင့်ပိတ်ရန်အထိပင် စီစဉ်ထားကြောင်းပါ ပြောသည်။ သို့သော် သက်ဆိုင်ရာ အစိုးရဌာနသို့ တင်ပြပြီး ခွင့်ပြုချက်ရမှသာ ပိတ်ပင်မှုလုပ်မှာဖြစ်သည်ဟုလည်း ဆိုသည်။

"လောလောဆယ်တော့ ထောင်ဝင်စာက ပိတ်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒီအကျဉ်းသားတွေရဲ့ ပျော်ရွှင်မှုက သူတို့ မိသားစုနှင့် တွေ့ခွင့်ရတာ ဖြစ်တယ်လေ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ထောင်ဝင်စာ တွေ့ခွင့်ကို အကန့်အသတ် လုပ်ထားသည့်အပြင် ထောင်ဝင်စာ တွေ့ခွင့်ရသည့် အခန်းများအား ၃၁၃ ကြိမ်တိတိ ပိုးသတ်ဆေး ဖြန်းမှုများ လုပ်ဆောင်ထားကြောင်း မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနမှ သိရသည်။

အကျဉ်းဦးစီးဌာနအနေနှင့် ဗိုင်းရပ်စ် စတင်ဖြစ်ပွားသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထဲက ရောဂါ အခြေအနေကို စောင့် ကြည့်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ဇန်နဝါရီလမှ စတင်ကာ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန်အတွက် ကျန်းမာ‌ရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်လျက်ရှိကြောင်း၊ အခြေခံ အချက်များဖြစ်သည့်  လက်ဆေးခြင်းကို အကျဉ်းသူ/သားနှင့် ဝန်ထမ်းများအကြား အမြဲပြုလုပ်‌ ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အကျဉ်းဝန်ထမ်းများကိုလည်း တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ပြီးမှသာ တာဝန်ထမ်းဆောင်စေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသူ မတ်လ ၂၅ ရက်အထိဆိုလျှင် သုံးဦးရှိပြီး သံသယနှင့်စောင့်ကြည့်လူနာ ၁၅၀ ကျော် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly