ဂျီဟတ်တွေ ချုံခိုတိုက်ခိုက်တာကြောင့် နိုင်ဂျီးရီးယားစစ်သား ၇၀ ကျဆုံး

ဂျီဟတ်တွေ ချုံခိုတိုက်ခိုက်တာကြောင့် နိုင်ဂျီးရီးယားစစ်သား ၇၀ ကျဆုံး

နိုင်ဂျီးရီးယားနိုင်ငံက တည်ငြိမ်မှုကင်းမဲ့တဲ့ အရှေ့မြောက်ပိုင်းအရပ်မှာ စစ်ယာဉ်တန်းကို ဂျီဟတ်တိုက်ခိုက်ရေးသမားတွေ ချုံခိုတိုက်ခိုက်တာကြောင့် နိုင်ဂျီးရီးယားစစ်သား ၇၀ အနည်းဆုံး ကျဆုံးခဲ့ကြောင်း စစ်တပ်နဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက အင်္ဂါနေ့မှာ ပြောပါတယ်။

ဘော်နိုပြည်နယ် ဂေါ်ဂျီကျေးရွာနားမှာ စစ်သားတွေကို တင်ဆောင်ခဲ့တဲ့ စစ်လော်ရီတစ်စင်း မောင်းနှင်သွားချိန်မှာ သောင်းကျန်းသူတွေက ဒုံးလောင်ချာတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ စစ်အရာရှိနှစ်ဦးက နာမည်မထုတ်ဖော်ဘဲ အေအက်ဖ်ပီကို ပြောပါတယ်။

“အဆုံးအရှုံး ကြီးမားပါတယ်။ ဒီ ချုံခိုတိုက်ခိုက်ခံရမှုမှာ စစ်သား ၇၀ ကျဆုံးခဲ့ရတယ်။”လို့ စစ်အရာရှိတစ်ဦးက ပြောပါတယ်။

“အကြမ်းဖက်သမားတွေဟာ စစ်သားတွေ တင်ဆောင်ထားတဲ့ လော်ရီကားကို RPG တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်တာကြောင့် ကားပေါ်ပါသူအားလုံး သေဆုံးခဲ့ရတယ်။”လို့ နောက်ထပ် စစ်အရာရှိက ဆိုပါတယ်။

“ခုထိ ရုပ်အလောင်း ၇၀ ကို ရှာဖွေတွေ့ရှိထားပြီး ကယ်ဆယ်ရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

စစ်သား အချို့ ဒဏ်ရာရပြီး တစ်ချို့က ဂျီဟတ်ဝါဒီတွေရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရတယ်လို့ အဆိုပါ စစ်အရာရှိနှစ်စလုံးက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ကို သစ္စာခံတဲ့ ဂျီဟတ်တွေရဲ့ စစ်စခန်းတစ်ခုကို ထိုးစစ်ဆင်ဖို့ မြို့တော် မိုင်ဒူဂူရီကနေ ထွက်ခွာလာတဲ့ လမ်းမှာ ခုလို တိုက်ခိုက်ခံရတာဖြစ်တယ်လို့ အစိုးရကျောထောက်နောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဘိုကိုဟာရမ် သောင်းကျန်းသူအဖွဲ့ကနေ ၂၀၁၆ ခုနှစ်က ခွဲထွက်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် အနောက်အာဖရိကအုပ်စုဟာ စစ်တပ်တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်စခန်းတွေကို စီးနင်းတိုက်ခိုက်ကြသလို စစ်ယာဉ်တန်းတွေကိုလည်း ချုံခိုတိုက်ခိုက်တာတွေ ဆင်နွှဲလျက် ရှိနေတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags