“မျှော်လင့်ခြင်းအိပ်မက်များရဲ့ တက္ကသိုလ်”

By မီမီခန့် (ပမာနီ)
25 March 2020
“မျှော်လင့်ခြင်းအိပ်မက်များရဲ့ တက္ကသိုလ်”
Photo: AFP

၂၀၁၂ ခုနစ် ဂျွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့တယ်။ မိန့်ခွန်းထဲမှာ သူ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝ အမှတ်တရတွေကို အားကျကြည်နူးစရာ ထည့်ပြီးပြောခဲ့တယ်။ ဖြစ်ချင်တော့ မီမီက အဲဒီတုံးက ၁ဝတန်းအောင်စာရင်းထွက်ပြီးကာစ၊ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်နေဆဲကာလဆိုတော့ အဲ့မိန့်ခွန်းကို သိပ်ပြီးသဘောကျခဲ့တယ်။ တက္ကသိုလ်ကျောင်းသူဝ ကိုလည်း သိပ်ပြီးမျှော်လင့်ခဲ့ရတယ်။

တကယ်တန်း တက္ကသိုလ်တက်ရတဲ့အခါကျတော့ ကြည်နူးစရာထက် စိတ်ပျက်စရာက ပိုများတယ်။ ကျောင်းသားတွေကို ကိုယ်ကိုယ်တိုင် တီထွင်၊ စဉ်းစား၊ တွေးခေါ်တတ်အောင် လမ်းဖွင့်ပေးရမယ့်အစား အလွတ်ကျက်၊ အလွတ်မှတ်တာတွေကများတယ်။ ပရောဂျက်တွေဆို အင်တာနက်ကနေ copy/ paste ကြတာတွေ၊ ဖတ်စာအုပ်ထဲကအတိုင်း လှေနံဓားထစ် power point တွေနဲ့ လက်ချာပေးတာတွေ၊ One subject One night ဖတ်ရုံနဲ့ အောင်နိုင်တဲ့ စာမေးပွဲတွေနဲ့ တက္ကသိုလ်ဟာတီထွင်စဉ်းစားမှုကိုအားပေးတဲ့ ကျောင်းပတ်ဝန်းကျင်မျိုးမဟုတ်ပဲ အလေလိုက်စရာနေရာဖြစ်လာတယ်။ ဝန်ထမ်းမွေးထုတ်ပေးတဲ့ စက်ရုံသာသာလောက်ပဲတန်ဖိုးရှိတော့တယ်။ တကယ့်တကယ် ပညာရပ်ကို စိတ်ဝင်စားပြီး ထူးချွန်ချင်တဲ့လူတွေကျတော့ ပိုက်ဆံတွေ အကုန်ခံပြီးအပြင်မှာ ကျူရှင်တွေတက်၊ သင်တန်းတွေတက်နဲ့လေ့လာရတယ်။ ဒီလိုနဲ့ ဖြစ်မြောက်သွားတဲ့လူတွေလည်းရှိတော့ရှိပါရဲ့၊ ဒါပေမယ့် မိဘနောက်ခံအင်အားအပြင် သူများထက်အဆမတန်အောင ်ရုန်းကန်မှ နေရာတစ်ခုရရတယ်။ ဒီကြားထဲမှာမှ စစ်အာဏာရှင်လက်ထက်က ခြစားမှုတွေ၊ အာဏာပါဝါပြမှုတွေ၊ ချုပ်ချယ်မှုတွေ၊ ဝါဒမှိုင်းတိုက်မှုတွေနဲ့ မြန်မာပြည် တက္ကသိုလ်ပညာရေးဟာ ချွတ်ယွင်းသထက်ပို ချွတ်ယွင်းရတယ်။ တက္ကသိုလ်ကျောင်းသားကို တက္ကသိုလ်ကျောင်းသားလို မဆက်ဆံဘဲ ပိတ်ပင်မှုတွေ၊ တလွဲဆ ပင်ကောင်းစည်းမျဉ်းစည်းကမ်းတွေနဲ့ ချုပ်ချယ်ထားတဲ့နောက်တော့ဉာဏ်စွမ်းဉာဏ်ဆတွေ တုံးပါးကုန်တာ မဆန်းပါဘူး။

စိတ်မကောင်းစရာက မီမီတို့ လူငယ်မျိုးဆက်တွေထဲမှာ သိပ်ထူးချွန်၊ သိပ်ကြိုးစားချင်တဲ့ကျောင်းသားတွေရှိတယ်။ ဉာဏ်အမျှော်အမြင်ရှိပြီး ခေတ်ရှေ့ ပြေးတွေးခေါ်နိုင်တဲ့သူတွေရှိတယ်။ ဒါပေမယ့် လူမှုအသိုင်းအဝိုင်းက ဒီလိုလူ ငယ်တွေကို နေရာမပေးနိုင်ဘူး။ ကျောင်းတွေမှာလည်း ဖားတဲ့လူ၊ မျက်နှာချိုသွေးနိုင်တဲ့လူကနေရာရတယ်။ ရိုရိုကျိုးကျိုးနဲ့ ကုပ်နေမှ လူကြီးတွေရဲ့ မျက်နှာသာပေးတာခံရတယ်။ ထက်မြက်တဲ့၊ စွာတဲ့ကျောင်းသားတွေကျတော့ နှိပ်ကွပ်ခံရတယ်။ ဒီလိုမျိုး တက္ကသိုလ်တွေသေသွားတဲ့ အခါမှာ ဘာဖြစ်လာလဲဆိုတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေလျော့ကျလာတယ်။ ဆေးကျောင်းတွေမှာလည်း သုတေသနတီထွင်မှုတွေအားပေးမှု မရှိဘူး။ သူများနိုင်ငံက တီထွင်သမျှ၊ သူတေသနပြုထားသမျှတွေကိုပဲ မှီခိုအားထားနေရဆဲဖြစ်တယ်။ အခု ကိုရိုနာဗိုင်းရပ်ဖြစ်တဲ့အခါမှာ နိုင်ငံအသီးသီးက သုတေသနတွေလုပ်ကြ၊ ပညာရှင်တွေစာတမ်းတွေအမှီထုတ်၊ ကုသနည်း၊ ကာကွယ်ဆေးတွေ စမ်းသပ်နေကြတဲ့အချိန်မှာ မီမီတို့မှာ ပြည်သူကို ထိထိရောက်ရောက် အသိပညာပေးဖို့တောင် မနည်းရုန်းကန်နေရတယ်။ အင်ဂျင်နီယာ၊ ကွန်ပျူတာတက္ကသိုလ်တွေမှာလည်း ကျောင်းပြီးရင် အများစုရည်မှန်းနိုင်တာက စင်ကာပူ၊ ဂျပန်သွားပြီးပညာသင်ဖို့၊ အလုပ်လုပ်ဖို့ စသဖြင့်လောက်ပဲရှိတယ်။ ဒါဟာ ဘာသာရပ်တိုင်းလိုလိုမှာဖြစ်နေတယ်။ ကျမတို့လူ့အဖွဲ့အစည်းဟာ ကျောင်းသားအများစုကို လက်ရှိရှိနေပြီးသားပညာလောက်ကိုပဲ သင်ကြားပြီး သူများနောက်လိုက်ဖို့ပဲ တွန်းအားပေးနေကြတယ်။ သူ့များထက်ရှေ့ရောက်အောင် တီထွင်နိုင်ဖို့ အားမပေးကြဘူး။ ဒီတော့ တော်တဲ့ထက်မြက်တဲ့ကျောင်းသားတွေက တစ်ပါးတစ်နိုင်ငံမှာသွားပြီး ရေကြည်ရာမြက်နုရာ တစ်ဝမ်းတစ်ကျောင်းထွက်လုပ်ကြတယ်။ တိုင်းပြည်ထဲကနေ လူသားအရင်းအမြစ်တွေလျော့ကုန်တယ်။ ပြည်တွင်းမှာကျတော့လဲ တကယ့် ခေါင်းဆောင်ပိုင်းနေရာတွေမှာက နိုင်ငံခြားသားတွေက ပိုပြီးကြီးစိုးလာတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်ပညာနဲ့ အလုပ်လုပ်ဖို့ကိုတောင် နိုင်ငံခြားသားနဲ့ ယှဉ်ရင်အနှိမ်ခံရတယ်။ သာမန်လူငယ်တွေဟာ သာမန်ဝန်ထမ်းဘဝလောက်နဲ့ပဲ ကျေနပ်ကြရတယ်။

မီမီ ဗဟန်းကွန်ပျူတာတက္ကသိုလ်မှာ ကျောင်းသူဘဝနဲ့ တော်တော်လေးစိတ်ဆင်းရဲခဲ့တယ်။ စာကြည့်တိုက်မရှိ၊ စာသင်ဆောင်၊ နားနေဆောင်ကောင်းကောင်းမရှိ အားကစားတောင်ပေးမလုပ်ချင်တဲ့ ဖြစ်သလိုဖွင့်ထားတဲ့ တက္ကသိုလ်တစ်ခုမှာ ဘယ်လိုမှမပျော်ခဲ့ဘူး။ ဒီကြားထဲ အပြင်မထွက်ရ၊ ကန်တင်းမထိုင်ရ စသဖြင့် လွတ်လပ်မှုကိုပါ ချုပ်ချယ်တဲ့ အမိန့်တွေနဲ့ တက္ကသိုလ်ဘဝဟာ မီမီမျှော်လင့်ခဲ့တဲ့ တက္ကသိုလ်ပုံရိပ်မျိုးနဲ့ အကွာကြီးဝေးကွာခဲ့တယ်။ အဲ့လိုနဲ့ပဲ ကျောင်းမှာ သမဂ္ဂဖွဲ့ဖို့တွေ၊ နိုင်ငံရေးတွေ ဝင်ရှုပ်ပြီးတဲ့နောက် ကျောင်းအုပ်ချုပ်ရေးက အမှတ်တွေကောင်းနေလျက်က ကျောင်းဝင်ခွင့် ၇၄.၆၈% ပဲရှိတယ်ဆိုပြီးစာမေးပွဲဖြေခွင့်မပေးခဲ့ဘူး။ ကိုယ်ကိုယ်တိုင်က ကျောင်းကို အရေးမလုပ်ခဲ့တာလည်းပါပါတယ်။ ဒါပေမယ့် ကိုယ့်ထက်ကျောင်းပျက်၊ အမှတ်နည်းတဲ့လူတွေ ဖြေခွင့်ရပြီး ကိုယ့်ကိုချန်ထားခံခဲ့ရတော့ တော်တော်လေး စိတ်နာသွားတယ်။

အဲ့ဒီမှာပဲ သည်းသည်းမည်းမည်း စဉ်းစားခဲ့တယ်။  အောက်စ်ဖို့ဒ်မိန့်ခွန်းကိုလည်း ခဏခဏ ပြန်နားထောင်ခဲ့တယ်။ ဒီတက္ကသိုလ်သာ ဆက်တက်နေရင် ငါ့ရှေ့ရေးဟာ သာမန်ဝန်ထမ်း၊ သာမန်အင်ဂျင်နီယာဘဝလောက်နဲ့ပဲ သူများနောက်ကလိုက်ပြီး ကုန်ဆုံးသွားလိမ့်မယ်။ သူလိုကိုယ်လို ယောက်ျားယူ၊ ကလေးရပြီး သူလိုကိုယ်လို ဘဝမျိုးပဲနေသွားရလိမ့်မယ်။ ကျောင်းသာကို မပံ့ပိုးချင်ဘဲ နှိပ်ကွပ်ဖို့ရည်ရွယ်တဲ့ကျောင်းမှာ အောင်မြင်မှုအလားလာဟာ နည်းမှာပဲ။ မီမီ က အဲ့သလိုမျိုးမသိမ်ငယ်ချင်ဘူး။ ကမ္ဘာပတ်ချင်တယ်။ တခြားနိုင်ငံတွေ၊ ယဉ်ကျေးမှုတွေ၊ နိုင်ငံရေးတွေကို လေ့လာချင်တယ်။ ကမ္ဘာပေါ်မှာ မီမီနေထိုင်သွားတယ်ဆိုရဲ့ အမှတ်တစ်ခု ယေးယေးလေးဖြစ်နေရင်တောင်ထင်စေချင်တယ်။ အဲ့တော့ အဲ့ကျောင်းကနေ ဘုရင့်နောင်ဖောင်ဖျက်ထွက်ခဲ့တယ်။ အဲ့တုန်းကတော့ လူတိုင်းကဝေဖန်ကြတာပေါ့နော်။ အမျိုးတွေက အစ ဟဲ့ ကြည့်လဲလုပ်ဦးနော် ခွေးဖြစ်မယ် ဘာညာပေါ့။
မီမီ Centre ကောလိပ်မှာတက်ခဲ့တဲ့ လေးနှစ်ကာလမှာတော့ တက္ကသိုလ်ရဲ့ ခက်ခဲမှုတွေ၊ အောင်မြင်မှုတွေ၊ လွတ်လပ်မှုတွေ၊ ခမ်းနားမှုတွေကို အပြည့်အဝနားလည်ခဲ့တယ်။ ကျောင်းနဲ့အတူ နိုင်ငံပေါင်း ၂ဝကျော်ကို သုံးနှစ်ကာလအတွင်းရောက်ခဲ့တယ်။ သုတေသနတွေလုပ်ခဲ့ရ၊ ပျော်ခဲ့ရ၊ ငိုခဲ့ရတယ်။ တက္ကသိုလ်တစ်ခုဟာ တက္ကသိုလ်တစ်ခုအနေနဲ့ ဂုဏ်သိက္ခာရှိတယ်။ ဘယ်သူကမှ ခြိမ်းခြောက်နေစရာမလိုဘူး။ စည်းကမ်းထိန်းသိမ်းတဲ့နေရာမှာလည်း လေးစားမှု၊ သိက္ခာနဲ့ထိန်းသိမ်းတာဖြစ်တယ်။ အာဏာနဲ့ ထိန်းတာမျိုးမဟုတ်ဘူး။ ပရော်ဖက်ဆာတွေ၊ ဆရာ၊ ဆရာမတွေဟာ သူတို့သင်ကြားတဲ့ဘာသာရပ်အပေါ်မှာ ကျောင်းသားတွေကို တွေးခေါ်နိုင်အောင်၊ ဆွေးနွေးနိုင်အောင် သင်ကြားပေးတာဖြစ်တယ်။ ရှိပြီးသားအတွေးအခေါ်  ဗဟုသုတတွေကို ကျက်တူရွေးမှတ် မှတ်ခိုင်းတာမျိုးမဟုတ်ဘူး။ စာသင်ခန်းထဲအပြင် စာသင်ခန်းပြင်ပမှာလည်း ကျောင်းသားတွေကို လူတတ်လူတော်တွေအနေနဲ့ နေရာပေးထားတယ်။ 

ဒါ့အပြင်ကို တက္ကသိုလ်ဟာ ကျောင်းသားတွေကို ရင်နှစ်သည်းချာလို ဂရုစိုက်တယ်။ ကျောင်းရဲ့ သမ္မတကစလို့ သန့်ရှင်းရေးအထိ သူ့တို့ရဲ့နေ့စဉ်ရည်ရွယ်ချက်ဟာ ကျောင်းသားတွေကို စိတ်ရောကိုယ်ပါ ပံ့ပိုးဖို့ဖြစ်တယ်။ ကျောင်းမှာ ၉၈% လောက် အဆောင်နေကြတော့ အဆောင်တွေမှာ အရေးကြုံလာရင်ကူညီဖို့ အဆောင်မှုးတွေရှိတယ်။ စည်းကမ်းတွေချပြီး နှိပ်ကွပ်ဖို့မဟုတ်ဘူးနော်။ ကျောင်းမှာရှိတဲ့ ရဲတွေ၊ ကျောင်းစောင့်တွေဟာ ကျောင်းသားတွေကို စစ်ဆေး နှိပ်ကွပ်ဖို့ထားတာမဟုတ်ပဲ ကျောင်းသားတွေကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့ ခန့်ထားတာဖြစ်တယ်။ ။ ဆရာတွေကလည်း ကြင်နာပံ့ပိုးတယ်။ စာမလိုက်နိုင်တာတို့ဘာတို့ဆိုရင် ကူညီရုံမကဘူး တခြားအခက်မခဲရှိနေရင်လည်းကူညီဖို့အသင့်ပဲ။ ကျောင်းက ဓလေ့ထုံးတမ်းတွေဆိုရင်လည်း ကျောင်းသားတွေကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းပြတဲ့ ထုံးတမ်းအစဉ်အလာတွေဖြစ်တယ်။ ဥပမာဆိုရင် ဒီဇင်ဘာစာမေးပွဲနားနီးရင် ကျောင်းသားတွေစိတ်လက်ပန်းပြေအောင် ပရော်ဖက်ဆာတွေက အဆောင်တွေမှာ ခရစ်စမတ်သီချင်းတွေလိုက်ဆိုကြတယ်။ အခု ဗိုင်းရပ်ကိစ္စနဲ့ ကျောင်းပိတ်တာတောင် အွန်လိုင်းကနေ ဗီဒီယိုလွှင့်ပြီး ကျောင်းသားတွေကို လွမ်းကြောင်း၊ စိတ်ချမ်းသာအောင်နေဖို့ ဆုတောင်းကြတယ်။ အဲ့သလို ပံ့ပိုးမှုတွေ ရတဲ့နောက် ဒီကကျောင်းသားတွေဟာ ရည်မှန်းချက်တွေကြီးမားလာတာ မဆန်းပါဘူး။ 

ဒီ Centre တက္ကသိုလ်မှာ ကျောင်းက ပါမောက္ခတွေ၊ ဆရာတွေ၊ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့ အိပ်မက်အကြီးကြီးတွေမက်နိုင်ခဲ့တယ်။ အောက်စ်ဖိုဒ့်၊ စတန်းဖို့ဒ်တို့လို တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်နို်င်ခဲ့တယ်။ ဒီနေ့တော့ အောက်စ်ဖိုဒ့်တက္ကသိုလ်မှာ မာစတာတန်းတက်ဖို့ ဝင်ခွင့်ရတယ်။ ဝင်ခွင့်စာကို ဖတ်ရင်း လွန်ခဲ့တဲ့ ရနှစ်က စိတ်ကူးတောင်မယဉ်ရဲခဲ့တာကို သွားသတိရမိတယ်။ စတန်းဖို့ဒ်တက္ကသိုုလ်ရဲ့ နိုက်ဟယ်နစ်စီစကော်လာ (Knight-Hennessy Scholar) အဖြစ် ရွေးချယ်ခံထားရပြီးလို့ စတန်းဖို့ဒ်တက္ကသိုလ်ကိုပဲ သွားဖို့ဆုံးဖြတ်ထားပြီဆိုပေမယ့် ဟိုးငယ်ငယ်လေးကတည်းက မြတ်နိုးခဲ့ရတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်လို့ နည်းနည်းနှမျောရတယ်။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။ မီမီသာ ကွန်ပျူတာတက္ကသိုလ်က မထွက်ဖြစ်ခဲ့ရင် အခုနေဘာများဖြစ်နေမလဲ၊ ဘယ်လိုဘဝများရောက်နေမလဲပေါ့။ မီမီ့အနေနဲ့ မြန်မာပြည်မှာ ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေကို တက္ကသိုလ်ရဲ့ အနှစ်သာရတွေကို အပြည့်အဝ ခံစားရစေချင်တယ်။ လူတစ်ရာတစ်ထောင်မှာ တစ်ယောက် နိုင်ငံရပ်ခြားကိုထွက်မှ တက္ကသိုလ်ပညာရေးရဲ့ အဓိပ္ပာယ်၊ အဖိုးတန်မှု တွေကို ရရတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့ အမိနိုင်ငံထဲမှပဲ နိုင်ငံတကာနဲ့ရင်ဘောင်တန်း တန်းတူသင်ယူနိုင်မယ့် အခွင့်အရေးတွေရစေချင်တယ်။ 

မီမီတို့ရဲ့ တက္ကသိုလ်တွေကို ပြောင်းလဲဖို့အချိန်တန်ပါပြီ။

စာရေးသူ မီမီခန့် (ပမာနီ) သည် အမေရိကန်နိုင်ငံ Center ကောလိပ်တွင် လင်ကွန်းပညာတော်သင်အဖြစ် နိုင်ငံတကာလေ့လာရေးနှင့် ပြင်သစ်ဘာသာတို့ သင်ယူလျှက်ရှိသည်။