အိန္ဒိယမှာ lockdown လုံးလုံး ချပြီ ဖြစ်တာကြောင့် ကုန်စည်ပစ္စည်းတွေ အလုအယက် ဝယ်ယူ

အိန္ဒိယမှာ lockdown လုံးလုံး ချပြီ ဖြစ်တာကြောင့် ကုန်စည်ပစ္စည်းတွေ အလုအယက် ဝယ်ယူ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တိုက်ဖျက်ရေးအတွက် အိန္ဒိယနိုင်ငံက လူဦးရေ ၁ ဒသမ ၃ ဘီလီယံကို ၂၁ ရက်တာ lockdown ချတော့မယ်လို့ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက အင်္ဂါနေ့မှာ ကြေညာပြီး မိနစ်ပိုင်းမှာပဲ နယူးဒေလီနဲ့ မွမ်ဘိုင်းက ဒေသခံတွေဟာ လိုအပ်ပစ္စည်းပစ္စယတွေကို အလုအယက် ဝယ်ယူကြပါတယ်။

“အင်္ဂါနေ့ ညလယ် ၁၂ နာရီကစပြီး တစ်နိုင်ငံလုံးကို အဝင်အထွက်တွေ ပိတ်ပြီး lockdown လုံးလုံးချတော့မှာ ဖြစ်ပါတယ်။”လို့ ကမ္ဘာလူဦးရေအများဆုံး အိန္ဒိယနိုင်ငံကို ရုပ်သံကနေ မိုဒီက မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

“အိန္ဒိယကို ကယ်တင်ဖို့၊ နိုင်ငံသားတိုင်းကို ကယ်တင်ဖို့ ခင်ဗျားတို့တွေ၊ ခင်ဗျားတို့ မိသားစုတွေ၊ မြို့တွင်းလမ်းတွေ၊ ရပ်ကွက်လမ်းတွေ၊ လမ်းတိုင်းလမ်းတိုင်း အားလုံးကို lockdown ချမှာ ဖြစ်တယ်။”လို့ မိုဒီက ပြောပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုမှာ အိန္ဒိယနိုင်ငံဟာ အခြားနိုင်ငံတွေထက် နည်းပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကူးစက်ဖြစ်ပွားမှု သိသိသာသာ တိုးလာပြီး ၅၁၉ ဦးအထိ ကူးစက်ခံရာမှာ သေဆုံးသူ ၁၀ ဦး ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတွင်းက ပြည်နယ်တွေနဲ့ နယ်မြေဒေသတွေဟာ နယ်စပ်ကို ချိတ်ပိတ်တာနဲ့ မရှိမဖြစ် အခြေအနေက လွဲလို့ အဝင်အထွက် ပိတ်တာတွေ အပါအဝင် ကိုယ်ပိုင် lockdown ချတဲ့ လုပ်ငန်းစဉ်တွေကို ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါတယ်။

လူသေစေနိုင်တယ် ဗိုင်းရပ်စ် ပျံ့နှံ့မှု ရပ်တန့်ချင်တယ်ဆိုရင် အိန္ဒိယနိုင်ငံအနေနဲ့ lockdown ကို လိုက်နာကြရမှာ ဖြစ်တယ်လို့ မိုဒီက သတိပေးပါတယ်။

“ဒါဟာ ကာဖျူးမိန့်တစ်ရပ်ပါပဲ။ ဒီလို လုပ်ဆောင်တာကြောင့် စီးပွားရေး ဆုံးရှုံးမှုကိုတော့ ကျွန်တော်တို့တွေ ရင်ဆိုင်ကြုံတွေ့ရမှာတော့ ဖြစ်တယ်။ ဒါပေမယ့် မိသားစုတစ်ဦးချင်းစီတိုင်းကို ကယ်တင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်။ ဒါဟာ အဓိကအကျဆုံး ဦးစားပေးပဲ ဖြစ်တယ်။”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ဒီ ၂၁ ရက်စာကို အောင်မြင်အောင် စီမံမခန့်ခွဲနိုင်ခဲ့ဘူးဆိုရင် အိန္ဒိယနဲ့ မိသားစုဝင်တိုင်းဟာ ၂၁ နှစ်စာ နောက်ကောက်ကျန်သွားလိမ့်မယ်။ ခုလို ပြောနေတာ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ပြောနေတာ မဟုတ်ဘဲ နိုင်ငံသားတစ်ဦး၊ မိသားစုဝင်တစ်ဦးအနေနဲ့ ပြောနေတာပဲ ဖြစ်တယ်။”ဆိုပြီးလည်း ၎င်းက ပြောခဲ့ပါတယ်။

အခု အမိန့်အရ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာသူတွေဟာ ထောင်ဒဏ်နှစ်နှစ်နဲ့ သတ်မှတ်မထားတဲ့ ငွေဒဏ်တွေကို ကျခံရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly