ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
ဆန်စပါးအသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင်

“အရင်အသိပေးချင်တာက အလောတကြီးဝယ်ယူမှုတွေမလုပ်ဖို့ မေတ္တာရပ်ခံချင်တယ်။ လက်ရှိ တိုင်းပြည်မှာ ဆန်စပါးလုံလောက်မှု အပြည့်ရှိတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်စိတ်နဲ့ ဝယ်ယူမှုတွေပြုလာရင် ထိန်းသိမ်းညှိနှိုင်း ဆောင်ရွက်ရတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တယ်”
 

COVID–19 ဂယက်ကြောင့် စျေးကွက်အတွင်း ဆန်စျေးနှုန်းမြင့်တက်လာနိုင်မှု အပေါ်ထိန်းချုပ်မှုများ ပြုလုပ် သွားရန် နှင့်  ဆန်စပါးပြတ်လက်မှု မရှိစေရန် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပက်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌဖြစ်သူ ဦးရဲမင်းအောင်ထံ မဇ္စျိမမီဒီယာမှ ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။

မေး။    ။မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ့ရှိလာပြီဖြစ်လို့  ဒီလိုအခြေအနေမှာ စျေးကွက်အတွင်း ဆန် စပါးစျေးနှုန်းကြီးမြင့်လာမှုတွေဖြစ်မလာအောင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေနဲ့ ဘယ်လိုပြင်ဆင်မှု တွေပြုလုပ်ထားပါသလဲ။

ဖြေ။     ။ကျွန်တော်တို့အနေနဲ့နိုင်ငံတကာမှာ  COVID -19 စတင်ဖြစ်ပွားနေတဲ့ အချိန်ကတည်းက ကြိုတင် ဆောင်ရွက်သင့်တဲ့ အစီအမံတွေကိုစဉ်းစားပြီးတော့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ WHOကနေ COVID -19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးတဲ့အချိန်မှာ စပြီးလုပ်ရမယ့်အစီအစဉ်တွေကိုလည်း ညှိနှိုင်းထားပါ တယ်။ ပြည်တွင်းမှာ စားနပ်ရိက္ခာဖူလုံဖို့နဲ့ စျေးကွက်အတွင်းမှာ စျေးနှုန်းအဆမတန်ကြီးမြင့်မသွားဖို့ ပုဂ္ဂလိက အပိုင်းကနေ နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းပြီး စီမံခန့်ခွဲဆောင်ရွက်ဖို့ မတ်လဆန်းကစပြီး စီစဉ်ခဲ့တယ်။ အခု လက်ရှိအခြေအနေမှာ ဆန်စျေးကွက်တည်ငြိမ်ဖို့ရယ်နဲ့ လိုအပ်တဲ့နေရာတွေမှာ ဆန်မပြတ်လပ်ဖို့အတွက် အဓိက ဦးစားပေးပြီးဆောင်ရွက်နေပါတယ်။

မေး။    ။ အခု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဆန်စပါးဆိုင်ရာအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စျေးကွက်ထိန်းချုပ်မှုကို ဘယ်လိုဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။

ဖြေ။     ။အခု ကျွန်တော်တို့အသင်းတွေအနေနဲ ကုန်စည်ဒိုင်တွေမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ လုပ်ငန်း တွေမှာ ပုံမှန်ဖြစ်ဖို့၊ လိုအပ်နေတဲ့ နေရာတွေမှာ သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းတွေ ချောမွေ့ဖို့နဲ့လက်လီ၊ လက်ကားရောင်းတဲ့ ဆန်ဆိုင်တွေကနေတစ်ဆင့် ရောင်းချနေတဲ့ စျေးနှုန်းအနေအထားတွေကို ပြည်သူလူထု သိအောင် လူမှုကွန်ရက်စာမျက်နှာတွေကနေ တစ်ဆင့် ဆောင်ရွက်သွားဖို့၊ နိုင်ငံတော်မှာ အရန်ဆန် ထားရှိဖို့ အပြင်ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်တွေရဲ့ သိုလှောင်ရုံတွေမှာ ထိန်းသိမ်းထားရှိဖို့နဲ့ ပြောင်းလဲလာတဲ့ အခြေအနေ ပေါ်မူတည်ပြီး ရှေ့ဆက်သွားဖို့ ပြင်ဆင်ထားပါတယ်။

“နိုင်ငံတော် အရန်ဆန်အနေနဲ့ကတော့ တန်ချိန် ၁သောင်းခွဲလောက်ရှိတယ်။”

မေး။    ။စျေးကွက်ထဲမှာ လက်ရှိဆန်စျေးနှုန်းတိုးမြှင့်ရောင်းချနေတဲ့ အခြေအနေတွေ ဖြစ်နေ တယ်လို့ကြား ရတယ်။ဒီအပေါ်မှာရော ဘယ်လိုထိန်းချုပ်မှုတွေပြုလုပ်သွားဖို့ရှိပါသလဲ။

ဖြေ။     ။ ဒါနဲ့ပက်သက်ပြီး ပြည်သူတွေကို အရင်အသိပေးချင်တာက အလောတကြီးဝယ်ယူမှုတွေမလုပ်ဖို့ မေတ္တာရပ်ခံချင်တယ်။ လက်ရှိတိုင်းပြည်မှာ ဆန်စပါးလုံလောက်မှု အပြည့်ရှိတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်စိတ် နဲ့ ဝယ်ယူမှုတွေပြုလာရင် ထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ရတဲ့ အပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ တစ်ဖက်မှာလည်း ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ အထူးသဖြင့် လက်လီရောင်းချတဲ့သူတွေကို ပစ္စည်းမှန်၊ စျေးနှုန်းမှန်ရောင်းချပေးဖို့မေတ္တာရပ်ခံထားတယ်။ နိုင်ငံတော်အစိုးရဘက်ကလည်း ဒီအခြေအနေ အချိန်အခါ ကို အခွင့်ကောင်းယူပြီး စျေးနှုန်းအဆမတန်မြှင့်ပြီး ရောင်းချတာတွေကို နိုင်ငံတော် အစိုးရဘက်ကအရေးယူဖို့ အတွက် ကြေညာထားပြီးလည်း ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့စျေးနှုန်းမှန်နဲ့ ရောင်းချပေးတဲ့ နေရာ တွေမှာ ဝယ်ယူဖို့အတွက် အဓိကတိုက်တွန်းချင်ပြီး  စျေးအမြင့်နဲ့ဝယ်ဖို့မလိုအပ်သေးဘူးလို့ ပြောချင်ပါတယ်။

မေး။    ။အခုအခြေအနေမှာ နိုင်ငံတော်အစိုးရဘက်က ပုဂ္ဂလိကကဏ္ဍနဲ့ ချိတ်ဆက်ပြီး ဘယ်လိုညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါသလဲ။

ဖြေ။    ။နိုင်ငံတော်အစိုးရနဲ့ကျွန်တော်တို့နဲ့ မတ်လ ၁၃၊ ၁၄ မှာ ကပ်ရောဂါအဖြစ်ကြေညာပြီး နောက်ပိုင်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ကာလအပိုင်းအခြားအလိုက် လုပ်ငန်းစဉ်တွေကို တွေ့ဆုံညှိနှိုင်းခဲ့တယ်။ နိုင်ငံ တော်အစိုးရမှာ လက်ရှိအရန်ဆန်စုဆောင်းမှုတွေရှိသလို ကျွန်တော်တို့ ဆန်ပြည်ပတင်ပို့နေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေမှာလည်း စုဆောင်းထားတဲ့ ဆန်တွေ ရှိနေပါတယ်။ အခုအချိန်က နွေစပါးပေါ်နေတဲ့ အချိန် လည်းဖြစ်နေတဲ့အတွက် ဆန်စပါးက ပြည်တွင်းလုံလောက်တဲ့ ပမာဏထက်ကိုပိုပါတယ်။ နောက်တစ်ခုက ပြည်ပဆန်တင်ပို့တဲ့ လုပ်ငန်းတွေကိုလည်း ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာကြောင့် ပြည်တွင်းဆန်ပြတ်လပ်မှု ကို လုံးဝစိုးရိမ်ပူလောင်စရာ မလိုတဲ့ အနေအထားပါ။ အခုအချိန်မှာ ကူးစက်မှုက စတွေ့တဲ့အနေအထား ဖြစ်လို့တစ်ချို့နေရာတွေမှာ Lockdown အဆင့်ထိဖြစ်လာရင် သယ်ယူပို့ဆောင်ရေး အစီအစဉ်တွေက ပိုပြီးလိုအပ်လာနိုင်လို့ အစိုးရဘက်ကို နိုင်ငံတော်အရန်ဆန်ပိုပြီးထားပေးဖို့ အကြံပြုထားပါတယ်။

“ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီမှာ ပုံမှန်အားဖြင့် ဆန်တန်ချိန် ၁ သိန်းကျော်၊ ၂ သိန်းက ပုံမှန်ရှိနေပါတယ်။ ဒါက အမြဲတမ်းလည်ပတ်နေတဲ့ အနေအထားပါ”

မေး။    ။လက်ရှိ နိုင်ငံတော်အရန်ဆန်ဘယ်လောက်ရှိနေပါသလဲ။ ပုဂ္ဂလိကဘက်ကရော စုဆောင်းထားတဲ့ ဆန်ပမာဏ ဘယ်လောက်ရှိနေပါသလဲ။

ဖြေ။     ။နိုင်ငံတော် အရန်ဆန်အနေနဲ့ကတော့ တန်ချိန် ၁သောင်းခွဲလောက်ရှိတယ်။ ဒီအပေါ်မှာ နွေစပါးပေါ် နေတဲ့အချိန်ဖြစ်လို့ ထပ်ပြီးဝယ်ယူထားရှိဖို့ ဆန်စပါးအသင်းချုပ်ဘက်က အကြံပြုထားပါတယ်။ နောက်တစ်ခု က အရန်ဆန်ထားသလိုဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဘက်က လှူဒါန်းပြီးထည့်ဝင်ထားတဲ့ အစီအစဉ်တွေရှိ တယ်။ ဒါကိုလည်း ဆက်ပြီးထုတ်ပြန်ပေးသွားမှာပါ။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဆီမှာ ပုံမှန်အားဖြင့် ဆန်တန်ချိန် ၁သိန်းကျော် ၂ သိန်းက ပုံမှန်ရှိနေပါတယ်။ ဒါက အမြဲတမ်းလည်ပတ်နေတဲ့ အနေအထားပါ။ အခုရည်ညွှန်းတာ က ရန်ကုန်အခြေပြုပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ဆိုလိုတာပါ။မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာလည်း ဆန်စပါးလုပ် ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာဆန်လက်ကျန်တွေ၊စပါးလက်ကျန်တွေ ရှိပါသေးတယ်။ နွေစပါးပေါ်နေတဲ့ အချိန်ကာလဖြစ်နေလို့ ဆန်စပါးနဲ့ပတ်သက်ရင် လုံလုံလောက်လောက်ရှိနေတယ်ဆိုတာ ပြောနိုင်ပါတယ်။ 

မေး။    ။နောက်ဆုံးအနေနဲ့ဘာများဖြည့်စွက်ချင်ပါသလဲ။

ဖြေ။     ။လက်ရှိအချိန်မှာတော့ သတင်းအချက်အလက် မှန်မှန်ကန်ကန်စီးဆင်းနိုင်ဖို့လိုတယ်။ နောက်တစ်ခု က သတင်းအမှားတွေ၊မဟုတ်မမှန်ဝါဒဖြန့်တဲ့ ကိစ္စတွေကိုလည်း ထိထိရောက်ရောက် ဖော်ထုတ်အရေးယူဖို့ လည်း အရေးကြီးတယ်။ သတင်းမှားတွေကြောင့် ပြည်သူတွေရဲ့စိုးရိမ်ထိတ်လန့်မှုတွေက ပိုမိုကြီးထွားလာ နိုင်တဲ့အတွက် ကုန်စည်စျေးကွက်မှာပိုပြီး သက်ရောက်မှုပြင်းနိုင်လို့ဖော်ထုတ်အရေးယူဖို့လိုသလို ပြည်သူတွေအနေနဲ့လည်း သတင်းရင်းမြစ်တွေကို သေချာကြည့်ပြီးမှ ချင့်ချိန်ဖို့အရေးကြီးတယ်လို့ အကြံပြုပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required