ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြီးမားလာမှုနှင့်အတူ စဉ်းစားဖွယ်ရာ မေးခွန်းများ

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြီးမားလာမှုနှင့်အတူ စဉ်းစားဖွယ်ရာ မေးခွန်းများ
Photo: AFP

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားပြီးနောက် ထောင်ပေါင်းများစွာသော စက်ရုံလုပ်သားများသည် လုပ်ငန်းခွင်ပြန်လည်မဝင်ရောက်လာသောကြောင့် နိုင်ငံ့စီးပွားရေးသည် များမကြာမီကာလအတွင်း စိတ်ပျက်ဖွယ်အခြေအနေနှင့် ကြုံရနိုင်ဖွယ်ရှိသည်။ နှစ်သစ်ကူးပိတ်ရက်အတွင်း နေရပ်ပြန်သွားခဲ့သည့် သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများသည် သယ်ယူပို့ဆောင်ရေးနှင့်သွားလာမှုအပေါ် တင်းကျပ်သော ကန့်သတ်ချက်များကြောင့် လုပ်ငန်းခွင် ပြန်မဝင်နိုင်ဘဲဖြစ်နေကြသည်။ ရှန်ဟိုင်း အမေရိကန်ကုန်သည်ကြီးများအသင်း၏ စစ်တမ်းအရ  စီးပွားရေးအချက်အချာ ရှန်ဟိုင်းရှိ စက်ရုံ သုံးပုံနှစ်ပုံခန့်သည် ကုန်ထုတ်လုပ်ငန်းများ ရပ်တန့်နေပြီး အလုပ်သမား (၈၀) ရာခိုင်နှုန်းမှာ ပြန်ရောက်မလာကြပေ။ အလုပ်သမားများက အရဲစွန့်ပြီး လုပ်ငန်းခွင်မဝင်ရောက်နိုင်သည့်အတွက် စက်ရုံအတော်များများ ဆက်လက်ပိတ်ထားရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Liu Xiaoming က တရုတ်နိုင်ငံရွှေ့ပြောင်းအလုပ်သမား (၂၉၁) သန်း၏ သုံးပုံတစ်ပုံအောက်သည်  ၎င်းတို့၏နေရပ်များမှ ပြန်လာကာ လုပ်ငန်းဝင်နေကြပြီး  အလုပ်သမား (၁၇၄) သန်းကျော်လောက်က ၎င်းတို့၏ နေရပ်ပြည်နယ် ပြင်ပများ၌ အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။ ထိုစဉ် အာဏာပိုင်များက ကျေးလက်နေပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်သယ်ဆောင်သူများကဲ့သို့ ဆက်ဆံနေကြပြီး  ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်။ အာဏာပိုင်များက စောင့်ကြည့်စစ်ဆေးမည်စိုးသည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများက အိမ်၌ပို၍ နေလိုကြသည်။

ထုတ်ကုန်နှင့်ဝန်ဆောင်မှုကဏ္ဍများသည် အိမ်မှလုပ်၍မရသည့်အတွက် အထိခိုက်ဆုံးလုပ်ငန်းများဖြစ်သည်။ စက်ရုံလည်ပတ်မှု ထပ်မံနှောင့်နှေးပါက တရုတ်၏ ထုတ်ကုန်အချက်အချာဒေသများကို ဆိုးဆိုးရွားရွား ထိခိုက်မည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းအပေါ် ပြင်းပြင်းထန်ထန် ကန့်သတ်လိုက်ခြင်းသည် ပြည်သူများ၏ အသွားအလာကိုသာမက ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်ပြတ်တောက်ကာ ဝယ်ယူမှုပိုင်းဆိုင်ရာကို ထိခိုက်မည်ဖြစ်သည်။ iPhone ကွန်ထရက်တာ Foxconn၊ Johnson နှင့် ဆမ်ဆောင်းအီလက်ထရွန်းနစ်စသည့် ကုမ္ပဏီကြီးများ တည်ရှိရာ ကုန်ထုတ်ဗဟိုချက်မြို့ Suzhou မြို့အား  လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခိုင်းထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တရုတ်တို့၏ မော်တော်ကားရောင်းအားမှာ သိသိသာသာ ကျဆင်းခဲ့ပြီး မနှစ်ကနှင့်နှိုင်းယှဉ်လျှင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၌ (၂၀) ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု China Passenger Car Association က ပြောသည်။ ထို့နောက် ကိုရိုနာဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်သည့်အတွက် ဖေဖော်ဝါရီ ပထမပတ်၌ ရောင်းအား (၉၂) ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၏အဆိုအရ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် ခရီးသွားခဲ့သူစာရင်းသည် ဖေဖော်ဝါရီ ၂၄ ရက်အရ (၁၂) သန်းရှိပြီး ယမန်နှစ်က အရေအတွက်၏ (၂၀) ရာခိုင်နှုန်းမျှသာရှိသည်။

တရုတ်၏ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ စီမံခန့်ခွဲမှုများအပေါ် မူဝါဒသမားများနှင့် စီးပွားရေးခေါင်းဆောင်များက စိုးရိမ်လျက်ရှိသည်။ တရုတ်သည် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကအစ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်နှင့် ကုန်သွယ်မှုမျိုးစုံအထိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ထဲ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ထား၍ စိုးရိမ်မှုများစတင်ဖြစ်ပေါ်လာရသည်။ ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ရန် ဖေဖော်ဝါရီလက ပိတ်ပင်တားဆီးမှုများလုပ်ခဲ့သောကြောင့် စက်ရုံ၏ လည်ပတ်အားသည် ထိုးကျသွားခဲ့ပြီး ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်ကို အဟန့်အတားဖြစ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကုမ္ပဏီများစွာကို ထိခိုက်စေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက စီးပွားရေးနှင့်လူ့အဖွဲ့အစည်းကို အကြီးအကျယ်ရိုက်ခတ်လိမ့်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ဖေဖော်ဝါရီတတိယပတ်တွင် သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် ဆက်တိုက်ဖြစ်ပွားပြီး ဆက်လက်ပြန့်ပွားနေပါက ကြောက်မက်ဖွယ်အကျိုးဆက်များဖြစ်လာနိုင်ပြီး အထူးသဖြင့် စီးပွားရေးကို သက်ရောက်နိုင်သည်ဟု G20 ဘဏ္ဍာရေးဆိုင်ရာအစည်းအဝေး၌ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က ပြောခဲ့သည်။ COVID-19 ကြောင့် ဥရောပ၏ စီးပွားရေးဖွံဖြိုးမှုကို ထိခိုက်လာမည်ကို စိုးရိမ်နေရချိန်မှာ အီတလီ၏စီးပွားရေးသည် အကျပ်အတည်းထဲ ရောက်နှင့်နေပြီဖြစ်သည်။

လေယာဉ်ခရီးစဉ်များကို  အသုံးပြုမှုလျော့နည်းသွားခြင်းက ၂၀၂၀ ၌ဝင်ငွေခွန် အမေရိကန်ဒေါ်လာ (၂၉.၃) ဘီလီယံခန့်လျော့နည်းစေခဲ့ကာ ဆယ်စုနှစ်ကျော်တွင် ပထမဆုံး ကမ္ဘာ့လေကြောင်းသွားလာမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း  နိုင်ငံတကာလေကြောင်းလိုင်းနှင့်လေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့အစည်းများက ထပ်မံသတိပေးပြောကြားခဲ့သည်။ အဆုံး၌ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ လေကြောင်းလိုင်း၊ ဇိမ်ခံပစ္စည်းလုပ်ငန်းများနှင့် လက်လီရောင်းဆိုင်များသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားကြရသည်။ ဗြိတိန်ကားကုမ္ပဏီ Jaguar Land Rover ကလည်း ဖေဖော်ဝါရီလကုန်လျှင် စက်ရုံ၌ ကားအစိတ်အပိုင်းပစ္စည်းများပြတ်တောက်နိုင်ကြောင်း သတိပေးခဲ့သည်။  iPhone ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် တရုတ်ကုမ္ပဏီများပိတ်ထားရသည့်အတွက်  ထုတ်ကုန်ပြတ်တောက်လာနိုင်သည်ဟု Apple ကုမ္ပဏီကလည်း ပြောခဲ့သည်။

  • ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားချိန်အစောပိုင်းကာလ၌ တရုတ်အာဏာပိုင်များ၏ ပြုမူလုပ်ဆောင်ပုံနှင့်ပတ်သက်ပြီး ----
  • ဗိုင်းရပ်စ်စတင်တွေ့ရှိပြီး ရက် ၄၀ ကြာမှ သမ္မတရှီကျင့်ဖျင်က ဘာကြောင့် အရေးပါ်အခြေအနေ ကြေညာရသနည်း။
  • ဗိုင်းရပ်စ်အန္တရာယ်ကိုသတိပေးရန်ကြိုးစားခဲ့သည့် ဝူဟန်က ဆရာဝန်များကို ဘာကြောင့် အပြစ်ပေးခဲ့ကြသနည်း။
  • တရုတ်အာဏာပိုင်များသည် ဗိုင်းရပ်စ်အန္တရာယ်ကို ဝန်ခံရန် အဘယ်ကြောင့် တွန့်ဆုတ်နေကြသနည်း။
  • ပါတီတာဝန်ရှိသူများသည် အရေးပေါ်ကာလဖြစ်သည့်အချိန်အထိ ဘာကြောင့် နှစ်သစ်ကူးအားလပ်ရက်ကို ဆက်လက်ထားရှိထားသနည်း။
  • နောင်တစ်ချိန်မှာ အလားတူဗိုင်းရပ်စ်မျိုးဖြစ်ပေါ်လာပါက တရုတ်ကျန်းမာရေးအာဏာပိုင်များအနေဖြင့် မည်သည့်အဆင့်ထိ ပြင်ဆင်ထားပါသနည်း။

စသည့်မေးခွန်းများမှာ စဉ်းစားဖွယ်ရာဖြစ်သည်။

Jan Lehman မှာ ကလောင်အမည်ဖြစ်ပြီး အာရှရေးရာကျွမ်းကျင်သူဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly