မြန်မာနိုင်ငံမှာ ရိက္ခာပြတ်မည့် အလားအလာမရှိကြောင်းနှင့် ကောလဟလတွေကို မယုံဖို့ နိုင်ငံတော်အတိုင်ပင်ခံပြော

မြန်မာနိုင်ငံမှာ ရိက္ခာပြတ်မည့် အလားအလာမရှိကြောင်းနှင့် ကောလဟလတွေကို မယုံဖို့ နိုင်ငံတော်အတိုင်ပင်ခံပြော

နေပြည်တော်၊ မတ်လ ၂၄

COVID-19 ရောဂါရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် ရိက္ခာပြတ်မည့် အလားအလာမရှိကြောင်းနှင့် ထွက်ပေါ်နေသည့် ကောလဟလများကို မယုံကြည်ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို အသိပေးပြောကြားခဲ့သည်။

“ကိုဗစ်၁၉ နှစ်ဦးကူးစက်ခံရတယ်လို့ သတင်းထွက်ပေါ်လာတာနဲ့ တပြိုင်နက် ရိက္ခာတွေ ဆေးတွေ အလုအယက် ထွက်ဝယ် သူတွေလည်းရှိပါတယ်။ ရိက္ခာပြတ်နိုင်တဲ့ အလားအလာမရှိပါဘူး။ လူအုပ်ထဲသွား တိုးဝယ်လို့ရောဂါကူးမယ့် အလားအလာက ပိုပြီးတော့များပါတယ်။မပျံ့သွားဖို့အတွက် ပြည်သူတွေသာ အဓိကပါ။ပြည်သူတွေရဲ့စိတ်တည်ငြိမ်မှု အင်အားကသာ အဓိကဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရအနေနှင့် အများပြည်သူအတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးများနှင့် အရောင်းအဝယ်စင်တာများကို ပိတ်သိမ်းဖို့ အစီအစဉ်မရှိကြောင်းလည်း အသိပေးပြောကြားခဲ့သည်။

ထို့ပြင် ဈေးဝယ်သည့်အခါ မိသားစုအလိုက်၊ အစုအဖွဲ့နှင့် သွားရောက်ခြင်းမရှိပဲ တစ်ဦးတစ်ယောက်တည်းကသာ မိသားစုအတွက် အမှန်တကယ်လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူကြရန်နှင့် လုပ်ငန်းများ၊ စက်ရုံများ၊ အလုပ်ရုံများ၊ မြို့ရွာအဝင်အထွက်များကို ပိတ်မည် ဆိုသည့် ကောလဟာလ သတင်းအမှားများကိုလည်း မယုံကြည်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရမှ ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်ကြရန် တိုက်တွန်းခဲ့သည်။

“ဒေါသက တွန်းပို့လို့ မလိုတမာစိတ်နဲ့ မမှန်သတင်းတွေ လူအများထိတ်လန့်ပြီး ရပ်ရွာ တည်ငြိမ်မှုထိခိုက်စေမယ့် စကားတွေ ပျံ့ပွားစေခြင်းကိုရှောင်ပါ။ ဘယာ အကြောက်တရား လွန်ပြီး ရိက္ခာစုဆောင်းခြင်း ၊ ရောဂါ လက္ခဏာဖုံးကွယ်ထားခြင်းများကိုရှောင်ပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရောဂါ လက္ခဏာအရ Covid-19 ဖြစ်နိုင်သည်ဟု ယူဆသူတွေအနေနှင့် အနီးဆုံးကျန်းမာရေးဌာနသို့ သွားရောက်ပြီး အခမဲ့ကုသမှုခံယူကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။

“အခုအချိန်မှာဆိုရင်ရောဂါရှိကြောင်းသိရှိရသူနှစ်ဦး နဲ့ထိတွေ့မှုရှိခဲ့သူများအားလုံးအစောဆုံးကျန်းမာရေး ဌာနကိုအသိပေးပါ။ ဒါဟာ ကိုယ့်လုံခြုံရေး ကိုယ့်ပတ်ဝန်းကျင်ရဲ့ လုံခြုံရေးနှစ်ရပ်စလုံးအတွက်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

COVID -19နှင့်ပတ်သက်ပြီး ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် နိုင်ငံနှင့်နယ်မြေ စုစုပေါင်း ၁၈၆နိုင်ငံ၊ ကမ္ဘာ့ နိုင်ငံများတွင် ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၉၄,၁၁၀ဦး၊ ကမ္ဘာ့နိုင်ငံများတွင် သေဆုံးသူ စုစုပေါင်း ၁၂၉၄၄ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၂၃ ရက်နေ့ ညပိုင်းကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စောင့်ကြည့် နှင့် သံသယလူနာ စုစုပေါင်း ၂၁၄ဦးရှိရာ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးတွေ့ရှိထားသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly