COVID-19 ကြောင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများရပ်နား

မတ်လ ၂၄။              ။  မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကို မတ်လ ၂၄ ရက်နေ့  ပွဲစဉ် (၁၀)မှစတင်ကာရပ်နားလိုက်ကြောင်း မြန်မာနေရှင်နယ်လိဂ်မှ စီအီးအို ဦးစိုးမိုးကျော် က မဇ္ဈိမကိုအတည်ပြုပြောကြားသည်။

“ဟုတ်ပါတယ်။အားလုံးအခြေအနေကောင်းပြီဆိုမှ ဘောလုံးအသင်းတွေကို ကြိုပြောရမှာပါ။ လေ့ကျင့်ရေးပြန်လုပ်တာက တစ်လလောက်ရှိမှအဆင်ပြေမှာပါ။ ဒီနေ့ကန်မယ်ဆိုရင် တစ်ပတ်လောက် ကြိုပြောလို့မရပါဘူး။ အသင်းတွေကို ကြိုတင်အကြောင်းကြားသွားမှာပါ “ ဟု ဦးစိုးမိုးကျော်က ပြောသည်။

ပြည်တွင်းလိဂ်ပြိုင်ပွဲ တစ်ခုဖြစ်သည့်မြန်မာနေရှင်နယ်လိဂ်ကို ဇန်နဝါရီလက စတင်ကျင်းပလာရာမှ ယခုတစ်ပတ်တွင် ပွဲစဉ် (၁၀) အထိ ရှိလာတာဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်အနေဖြင့် COVID-19 ဗိုင်းရပ်စ်ကြောင့် MNL လိဂ်ပြိုင်ပွဲ နှင့်အခြားပွဲစဉ်များကို  ကွင်းပိတ်ကစားရန်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာနေရှင်နယ်လိဂ် ၊ ကလပ်အသင်းပိုင်ရှင်များ ညှိနှိုင်းမတ် လ၁၃ရက်န့ကဆုံးဖြတ်ခဲ့ကြပေမယ့်  စောင့်ကြည့်လူနာ နှစ်ဦး ထံတွင် COVID-19 ရောဂါပိုးတွေ့ရှိပြီး နောက် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ပြိုင်ပွဲကို ရပ်နားလိုက်ခြင်းဖြစ်သည်။

“ကစားသမားတွေကနယ်က ဆိုတော့ ။ ဒီနေ့ညနေ သူတို့ နယ်တွေကို ပြန်ဖို့လုပ်နေကြပါပြီ။တချို့တွေကတော့ မနက်ဖြန်လောက်မှပြန်ကြမယ်။ အဆောင်တွေမှာမထားတော့ဘူး။ သန့်ရှင်းရေးလုပ် ၊ ပိုးသတ်ဆေးဖြန်းတာ တွေလုပ်မှာပါ။ နယ်ပြန်တဲ့သူတွေကိုလည်း ကျန်းမာရေးအသိနဲ့နေကြဖို့ လူစုလူဝေးမသွားဖို့ အဲဒါတွေ မှာထားပါတယ် “ ဟု ဦးစိုးမိုးကျော် က ထပ်မံဖြေကြားသည်။

ပွဲစဉ်များ ပြန်လည်ကျင်းပမည့်ရက်နှင့်အစီအစဉ်အသေးစိတ်ကို မြန်မာနေရှင်နယ်လိဂ် အနေဖြင့်ကြိုတင် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly