မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲများ ရပ်ဆိုင်းမည်

မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲများ ရပ်ဆိုင်းမည်
ဓာတ်ပုံ - သက်ကို (မဇ္စျိမ) မတ်လ ( ၁၈ ) ရက်နေ့ကရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်ဝက်ဖြေဆိုပြီးကျောင်းသားများစာမေးပွဲခန်းမှထွက်လာစဉ်။

မတ်၂၄၊ ရန်ကုန်။                 ။ COVID-19 အတည်ပြုလူနာနှစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများတွင်  လက်ရှိဖြေဆိုလျှက်ရှိသော ပထမနှစ်ဝက် စာမေးပွဲများကို ရပ်ဆိုင်းဖို့ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ပြောသည်။

 “အားလုံရပ်လိုက်ပါပြီ။ အားလုံးပဲဆိုတာက တချို့မရပ်သေးဘဲ ရှိနေတယ်။ ညှိနေတယ်ဆိုပေမယ့် အများစုက ရပ်ဖို့ သေချာတယ်။ တချို့ကျောင်းတွေက စာတောင်ထုတ်ကုန်ပြီလေ။ ညကတည်းက အစည်းအဝေးလုပ်ပြီး တချို့ကျောင်းတွေဆိုလည်း ထုတ်ပြန်ပြီးပြီ။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မဇ္ဈိမကို ပြောသည်။

 တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက တက္ကသိုလ်များတွင် ပထမနှစ်ဝက်စာမေးပွဲကို မတ်လ ၁၈ရက်နေ့က စတင်ပြီး စတင်ဖြေဆိုခဲ့ကြသည်။

ဓာတ်ပုံ - သက်ကို

လက်ရှိ သတင်းရေးသားနေချိန်အထိ ဖြေဆိုနေကြသည့် စာမေးပွဲများကို ရပ်ဆိုင်းလိုက်သည့် တက္ကသိုလ်များတွင် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာ ပုံတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်(ရှမ်းပြည်နယ်၊ တောင်ပိုင်း)၊ မြစ်ကြီးနားတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ် တို့ ပါဝင်သည်။

  ကျောင်းသား၊ ကျောင်းသူများဖြေဆိုထားသော ဘာသာရပ်များ၏ ရလဒ်များကို သိမ်းဆည်းထားမည်ဖြစ်ပြီး ဖြေဆိုရန် ကျန်ရှိသည့် ဘာသာရပ်များကိုမူ ကျန်းမာရေးအရ သတ်မှတ်ခွင့်ပြုကာလတွင် ပြန်လည်ဖြေဆိုရမည် ဖြစ်ကြောင်း သိရသည်။
 
 တက္ကသိုလ်များရှိ အဆောင်နေကျောင်းသား၊ကျောင်းသူများ မိမိတို့၏ နေရပ်ဒေသသို့ လုံခြုံစိတ်ချစွာ ပြန်လည်ပို့ဆောင်နိုင်ရန် တက္ကသိုလ်အသီးသီးရှိ ပညာရေးအဖွဲ့များ၊ ကျောင်းအာဏာပိုင်များ၊ ကျောင်းသားသမဂ္ဂများ ညှိနှိုင်းဆွေးနွေးလျှက်ရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံတွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ပေါင်း ၃၀ကျော်၊ သီးခြားဝင်ခွင့် ခေါ်ယူသည့် တက္ကသိုလ် ၁၃ခု၊ ဒီဂရီကောလိပ် ခြောက်ခု ရှိကြောင်း ပညာရေးဝန်ကြိးဌာန၏အချက်အလက်များအရသိရသည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly