မြိတ်တွင် ဆန်နှင့် ကုန်ခြောက်များ ဝယ်ယူသူ များပြားနေ

မြိတ်၊ မတ် (၂၄)။               ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆန်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ဆန် အပါအဝင် ကုန်ခြောက်များကို ဒေသခံများက မတ်လ ၂၄ ရက်က တန်းစီကာ ဝယ်ယူနေကြကြောင်း တွေ့ရသည်။

ထိုသို့ ဒေသခံများ ဆန်နှင့် ကုန်ခြောက်များ တန်းစီ၍ ဝယ်ယူမှု များပြားနေသော်လည်း မြိတ်မြို့မှာ ဆန် ပြတ် လပ်မှု မရှိကြောင်း၊ ဆန်ဈေးနှုန်းများလည်း ဈေးတင် ရောင်းချမှု မရှိကြောင်း မြိတ်ခရိုင် ဆန်စက် လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။

ဓာတ်ပုံ - ဝယ်ယူခဲ့သော ဆန်အိတ်ကို သယ်ယူရန် လုပ်နေစဉ်(ပုံ- ဒီမိုးသွေး(မြိတ်)

“ကျွန်တော်တို့ ဆန်စက် လုပ်ငန်းရှင်တစ်ယောက် အနေနဲ့ ပြည်သူတွေအတွက် ဆန်ပြတ်လပ်မှုတွေ မဖြစ်စေဖို့ အတွက် လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက ကြိုတင် ပြင်ဆင်ထားတာ ဖြစ်တယ်၊ အရမ်း စိုးရိမ်လွန်ပြီး ဝယ်ယူဖို့ မလိုအပ်ပါဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြိတ်မြို့၌ COVID-19 ရောဂါအပေါ် စိုးရိမ်မှုများ ရှိနေကြပြီး မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ကုန်စုံဆိုင်များ မှာ လိုအပ်သော စားနပ်ရိက္ခာများ ဝယ်ယူနေကြခြင်း ဖြစ်သည်။

မြိတ်မြို့မှ ဆန်အိတ် လာဝယ်သူ ဒေါ်အေးမူက“ မြန်မာနိုင်ငံကို ရောဂါတွေ ရောက်နေပြီး ပြောသံကြားတယ်၊ ဆန်ဆိုင်တွေ ကုန်စုံဆိုင်တွေ ဒီနေ့လောက်ပဲ ဖွင့်မယ်လို့ သတင်းတွေ ကြားတယ်၊ မနက်ဖြန် ဆိုင်တွေ အကုန် လုံး ပိတ်မယ်ဆိုတဲ့ သတင်းတွေ ကြားလို့ အခုလို ဆန်ဆိုင်မှာ လာရောက် တန်းစီဝယ်တာ ဖြစ်တယ်”ဟု ပြော သည်။

ဓာတ်ပုံ - ဆန်ဝယ်ယူရန် တန်းစီ စောင့်နေကြသော ဒေသခံများ(ပုံ-ဒီမိုးသွေး(မြိတ်)

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင် COVID-19 ရောဂါရှိသူ နှစ်ဦး တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ကြေညာထားသည်။

အလားတူ ပြည်သူလူထုများ အနေဖြင့် မလိုအပ်ဘဲ စားနပ်ရိက္ခာများ ဝယ်ယူ စုဆောင်းမှုများ မပြုလုပ်ကြရန် နှင့် လူစုလူဝေးများ မပြုလုပ်ကြရန်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly