ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ပျံ့နှံ့ခဲ့ရာ ဟူပေးပြည်နယ်တွင် ခရီးသွားလာခွင့် တားမြစ်ချက်များအား ပြန်လည်ရုပ်သိမ်း

ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ပျံ့နှံ့ခဲ့ရာ ဟူပေးပြည်နယ်တွင် ခရီးသွားလာခွင့် တားမြစ်ချက်များအား ပြန်လည်ရုပ်သိမ်း
Photo: AFP

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက လူသေဆုံးစေနိုင်သော ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့ရာ တရုတ် အလယ်ပိုင်း ဟူပေးပြည်နယ်တွင် ပြဌာန်းချမှတ်ထားသည့် ခရီးသွားလာခွင့် တားမြစ်ချက်ကိုများကို ပြည်နယ်အား အဝင်အထွက် ပိတ်ထားပြီး နှစ်လအကြာ၌ ပြန်လည်ရုပ်သိမ်းပြီဖြစ်ကြောင်း မတ် ၂၄ ရက်တွင် ဌာနေတာဝန်ရှိသူများက ပြောသည်။

မတ် ၂၄ ရက် ညလယ်မှစပြီး ကျန်းမာရေးကောင်းမွန်သော ဒေသခံများသည် ပြည်နယ်မှ ထွက်ခွာခွင့် ရှိပြီဖြစ်သည်။

ဝူဟန်မြို့မှ ထွက်ခွာခွင့်အတွက် ခရီးသွားလာမှု ကန့်သတ်ချက်များကိုမူ ဧပြီ ၈ ရက်တွင် ရုပ်သိမ်းမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ကျန်းမာကြောင်း ထောက်ခံထားသည့် ကုတ်နံပါတ်ဖြင့် ထွက်ခွာနိုင်ကြမည်ဖြစ်သည်။

ယခု ကြေညာချက်သည် တရုတ်နိုင်ငံအတွင်း မတ် ၂၄ ရက်က ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၇၈ ဦး တွေ့ရှိကြောင်း ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာသည့် ကြေညာချက်ပဲ ဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ် အသစ် ကူးစက်သူ အများစုသည် ပြည်ပမှ နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်ကြပြီး ရောဂါကူးစက်မှု ဒုတိယလှိုင်း ကြုံရမည်ကို စိုးရိမ်ပူပန်နေသည့်ကြားမှ ယခုကဲ့သို့ ကူးစက်ခြင်းပဲ ဖြစ်သည်။

ဗိုင်းရပ်စ်၏ ဗဟိုချက်ဖြစ်ခဲ့သည့် ဝူဟန်မြို့တွင်လည်း သီတင်းတစ်ပတ်နီးပါးအတွင်း လူတစ်ဦးသာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး နိုင်ငံအတွင်း၌ အခြားအရပ်ဒေသများတွင်လည်း ပြည်တွင်းနေ ပြည်သူ ကူးစက်မှုမှာ သုံးဦးသာ ရှိခဲ့သည်။

သေဆုံးသူ ခုနစ်ဦး ရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ပြီး အားလုံးမှာ ဝူဟန်မြို့မှဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၈၁၀၀၀ ကျော် ရှိကာ သေဆုံးသူဦးရေမှာ ၃၂၇၇ ဦးအထိ ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly