ဆေကိန္ဒရာမကျောင်းတိုက်ကို Lock down ချ

ရန်ကုန်၊ မတ် ၂၄။              ။ ရန်ကုန်တွင် ပထမဆုံး COVID-19 စတင်တွေ့ရှိခဲ့သည့် ဆေကိန္ဒရာမကျောင်းတိုက်ကို Lock down ချလိုက်ပြီဟု ကျောင်းတိုက်ဆရာတော် အရှင်ဆေကိန္ဒကမဇ္ဈိမကို မတ်လ ၂၄ ရက်တွင်မိန့် ကြားသည်။

“ မနေ့က ဘုန်းဘုန်းရဲ့ကျောင်းတိုက်မှာ COVID-19 လူနာကိုတွေ့ခဲ့တယ်။ အဲ့ဒါကြောင့် ဘုန်းဘုန်းရဲ့ဆုံးဖြတ်ချက်နဲ့ Lock down လုပ် လိုက်တာ” ဟု မိန့်သည်။

ကျောင်းတိုက်အတွင်း ပြည်ပမှ ပြန်လာသူ ၁၀၇ ဦးကို လက်ခံထားရှိခဲ့ရာ ခြောက်ယောက်ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပထမဆုံးသော COVID-19 လူနာ နှစ်ဦးအနက်တစ်ဦးမှာ အဆိုပါကျောင်းတိုက်တွင် တွေ့ခဲ့ရပြီး ကျန်တစ်ဦးမှာ ချင်းပြည်နယ် တီးတိန်မှဖြစ်သည်။

အဆိုပါ လူနာတွင်နှစ်ဦးလုံးတွင် ချောင်းဆိုးခြင်းအပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မရှိခဲ့ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

Photo Credit - Dhammaduta

ထို့ကြောင့် အမျိုးသားနှစ်ဦးနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှု့သွားမည်” ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံတွင်လက်ရှိအချိန်ထိ COVID-19 သံသယနှင့် စောင့်ကြည့်လူနာ ၁၃၀ ခန့်ရှိနေကာ ၎င်းအနက်မှ အခြားရောဂါများဖြင့် သေဆုံးသူ ၁၃ဦးနှင့် ပိုးတွေ့ရှိကြောင့်အတည်ပြုလူနာ ၂ ဦးရှိနေပြီဖြစ်သည်။

တစ်ကမ္ဘာလုံးအနေဖြင့် ၁၈၉ နိုင်ငံတွင် ကူးစက်ခံရသူ သုံးသိန်း လေးသောင်းနီးပါးအထိရှိလာပြီး သေဆုံးသူ တစ်သောင်း ငါးထောင်နီးပါးအထိရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly