ဂျာမနီ၌ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားအောင် မြေအောက်ရထား လက်မှတ်ရောင်းစက်ကို လျှာဖြင့် လျက်သူအား ရဲ ဖမ်းဆီး

ဂျာမနီ၌ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားအောင် မြေအောက်ရထား လက်မှတ်ရောင်းစက်ကို လျှာဖြင့် လျက်သူအား ရဲ ဖမ်းဆီး
Photo: EPA

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် မြေအောက်မီးရထား လက်မှတ်ရောင်းစက်အား လျှာဖြင့် လျက်ကာ အွန်လိုင်းပေါ် ဗီဒီယို တင်ခဲ့သည့် အမျိုးသားတစ်ဦးအား ရဲက ဖမ်းဆီးခဲ့သည်။

၎င်း အမျိုးသားသည် ကိုရိုနာဗိုင်းရပ် ပြန့်ပွားအောင်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။

COVID-19 ရောဂါ ပြန့်ပွားအောင် ယင်းသို့ လုပ်ဆောင်သော ၎င်း အမျိုးသားအား ရဲတပ်ဖွဲ့က မတ် ၂၃ ရက်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း Suddeutsche-Zeitung သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ၎င်း အမျိုးသားကိုယ်တိုင် အွန်လိုင်းပေါ်တင်သည့် ဗီဒီယိုတွင် ရထားလက်မှတ်ရောင်းစက်နှင့် လက်ရန်းများအပြင် စက်လှေကား လက်ရန်းများကိုပါ ၎င်းက လျှာဖြင့် လိုက်လျက်နေသည်ကို မြင်တွေ့ရသည်။ ၎င်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့စေလို၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြောင်း မြူးနစ်ရဲတပ်ဖွဲ့ကို ကိုးကားပြီး AFP သတင်းက ဖော်ပြသည်။

ရဲအချုပ်ခန်းတွင် ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားပြီး ကြီးလေးသော ကိုယ်ကာယပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုဖြင့် စွဲဆိုထားသည်။ ယခု အမှုအား ကျုးလွန်သူတွင် အမှန်တကယ် COVID-19 ရောဂါ ကူးစက်ထားသည် မထားသည်က သေချာရှင်းလင်းစွာ မသိရသေးကြောင်း ရဲဌာန ပြောခွင့်ရအမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းအား စမ်းသပ်စစ်ဆေးလျက် ရှိသည်ဟု ယင်းအမျိုးသမီးက ပြောခဲ့သည်။

ဂျာမနီနိုင်ငံအဝှမ်း စာသင်ကျောင်းများပိတ်ခြင်းနှင့် လူနှစ်ဦးထက်ပိုသော စုဝေးခြင်းမျိုးမပြုရခြင်းအပါအဝင် အများပြည်သူဆိုင်ရာ တားမြစ်ခြင်းများပြုလုပ်ထားကာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေခြင်းကို ထိန်းချုပ်ရန် အာဏာပိုင်များက လုပ်ဆောင်နေသည်။

ဂျာမနီတွင် ဒေသစံတော်ချိန် တနင်္လာနေ့မွန်းလွဲပိုင်းအထိရရှိထားသော သတင်းများအရ COVID-19 ကူးစက်ခံထားရသူပေါင်း ၂၆,၀၀၀ ရှိပြီး သေဆုံးသူကတော့ ၁၀၀ ကျော်သာရှိပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly