တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများစစ်ဆေးနိုင်ရန်အတွက် ကုဒ်လုပ်ငန်းစဉ်လုပ်ဆောင်မည့် ဆရာ၊ဆရာများ COVID-19ကြောင့် စိုးရိမ်မှုများရှိနေ

တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများစစ်ဆေးနိုင်ရန်အတွက် ကုဒ်လုပ်ငန်းစဉ်လုပ်ဆောင်မည့် ဆရာ၊ဆရာများ COVID-19ကြောင့် စိုးရိမ်မှုများရှိနေ

မတ်လ ၂၃ရက်။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို  စစ်ဆေးနိုင်ရန်အတွက် စာမေးပွဲအဖြလွှာများကို ကုတ်စနစ်အသုံးပြုကာလုပ် ဆောင်သွားမည်ဖြစ်ပြီး ယင်းကုဒ်လုပ်ငန်းစဉ်ကို မတ်လ ၂၄ရက်စတင်ပြီး ဧပြီလ ၂ရက်အထိ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်ပျံနှံနေသည့် ကိုရိုနာ(ခေါ်)COVID-19ရောဂါကြောင့် ယခုကဲ့သို့ လူစုလူဝေးဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအပေါ် ဆရာ၊ဆရာများကလည်း စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ စိုးရိမ်မှုကတော့အများကြီးမဟုတ်ေပမယ့် ရှိတော့ရှိတယ်။ရက်တော့ ရွေ့တာတွေမရှိဘူး။ စိုးရိမ်မှုရှိ ပေမယ့် လည်း တာဝန်ပေးအပ်လာတဲ့အခါမှာတော့ လုပ်ရတာပေါ့။ ဒီလိုအခြေအနေမျိုးမှာတော့ လုပ်ချင်တယ်လို့ တော့ မဟုတ်ဘူး။တာဝန်ပေးလာတော့ လုပ်ရတာပေါ့” ဟု အလုံမြို့နယ်မှ ဆရာမတစ်ဦးဖြစ်သည့် ဒေါ်ဝင့်ဝါကျော်ဦး က မဇ္စျိမသို့ပြောသည်။

ဆရာ၊ဆရာမ ရာနှင့်ချီဆောင်ရွက်ရမည့် ကုဒ်ဖြင့်ပြုလုပ်သည့်လုပ်ငန်းစဉ်ကို ၁၀ရက်အတွင်း ဆောင်ရွက်ရမည် ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကမ္ဘာနိုင်ငံများတွင်  COVID-19 ဖြစ်နေသည့် အခြေအနေ၊ လက်ဆေးနည်း၊ ပညာပေးအစီအစဉ်တွင်ကို မတ်လ ၂၃ရက်က ဆရာ၊ဆရာမတွေဆီကို လာရောက်ဟောပြော ခဲ့ကြောင်း သိရသည်။

ကုဒ်လုပ်ငန်းလုပ်ဆောင်ရာတွင် ဆရာဆရာမများအား တစ်ခန်းလျှင် ဆရာ၊ဆရာမ၂၁ဦး၊ကြီးကြပ်သူ ၂ဦး စုစုပေါင်း ၂၃ ဦးထားရှိသွားမည်ဖြစ်ပြီး၊ ပညာရေးဝန်ကြီးဌာနက လက်ဆေးရည်၊ နှာခေါင်းစည်း စသည့် ဗိုင်းရပ်စ်မ ကူးစက်နိုင်သည့် အကာအကွယ်ပစ္စည်းများကို စီစဉ်ထားကြောင်း သိရသည်။

 “ ပထမတော့ မလုပ်စေချင်ဘူး။ မြန်မာနိုင်ငံက လုံးဝဇီးရိုးပဲဆိုတော့ ဇီးရိုးပါဆန့်ပဲ ဖြစ်စေချင်တယ်။ မဖြေမနေ အများနဲ့ပတ်သက်ပြီးလုပ်ရမယ်ဆိုေတာ့လည်း လုပ်ရမှာပေါ့။နောက်တစ်ခုက မိုးကျမှလုပ်မယ်ဆိုရင်လည်း ရာ သီတုပ်ကွေးက ရောသွားမှာစိုးရိမ်တယ်။ အဲဒီအခါ ကျရင် ပိုးဆိုးသွားမလား။ ကျန်းမာရေးလုံခြုံမှုရှိအောင် အားလုံးတိုင်ပင်ပြီးတော့ တွေ့သင့်တဲ့သူတွေ အကုန်လုံးတွေ့ပြီးတော့ အားလုံးလိုက်လုပ်ပေးကြပါတယ်။” ဟု ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ ဒေါက်တာဇော်မျိုးထွန်းက မဇ္စျိမသို့ပြောသည်။

ထို့ပြင် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် လူနာတင်ယာဉ်များ၊ ဆရာဝန်၊သူနာပြုနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များလည်း အသင့်ပြင်ဆင်ထားပြီး အခန်းများကို ပိုးသတ်ဆေးဖြန်းခြင်း၊ လေဝင်လေထွက် ကောင်းအောင် အိပ်ဇောဖန်များတပ်ဆင်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

အစိုးရအနေအနေဖြင့် မဟာသင်္ကြန်ပွဲတော်အပါအဝင် လူစုလူဝေးဖြစ်စေသည့် ဟောပြောပွဲများ၊ သင်တန်းများ၊ ပွဲလမ်းသဘင်များမပြုလုပ်ရန် ညွှန်ကြားထားသည်။

ထိုသို့လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း  လူစုလူဝေးမပြုလုပ်သည့် ဦးရေကန့်သတ်ချက်ကိုမူ တရားဝင် တားမြစ်ထားခြင်း မရှိသေးပေ။

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ကူးစက်လူနာမရှိသေးသော်လည်း ပြီးခဲ့သည့်ဇန်နဝါရီလ ၃၁ရက်မှ မတ်လ ၂၂ရက်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ၈၅ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၆ဦး၊ ရှမ်းပြည်နယ်တွင် ၃၀ဦးနှင့် အခြားသောတိုင်းဒေသကြီးပြည်နယ်တို့တွင် ၅၅ဦး၊စုစုပေါင်း ၂၀၆ ဦးကို စောင့်ကြည့်၊ သံသယလူနာများအဖြစ် ကုသပေးမှုများပြုလုပ်ပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly