နာဂဒေသ ပန်ဆောင်တွင် အိမ်သုံးဆား ပြတ်လပ်

ရန်ကုန်၊ မတ် - ၂၃။           ။ ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါကြောင့် အိန္ဒိယ-မြန်မာနယ်စပ် နန်ပေါင်ဂိတ် ပိတ်ထားခြင်းကြောင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ခွဲ  ပန်ဆောင်တွင် အိမ်သုံးဆား ပြတ်လပ်နေကြောင်း နန်းယွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက  မဇ္ဈိမသို့ ပြောသည်။

နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ခွဲ ၊ ပန်ဆောင်ဒေသမှ ဒေသခံများသည် အိန္ဒိယနိုင်ငံဘက် နန်ပေါင်သို့ တစ်ပတ်လျှင်တစ်ကြိမ် သောကြာနေ့တိုင်း ဈေးဝယ်ခွင့်ရှိပြီး အိန္ဒိယဘက်မှ ဆား၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစရှိ သည့် ဟင်းချက်စရာများ ဝယ်ယူလေ့ရှိရာ မတ်လ ၁၀ ရက်က COVID-19 ရောဂါကြောင့် နန်ပေါက်နယ်စပ်ဂိတ် ပိတ်လိုက် သည့်အတွက် ဝင်ခွင့်မရဘဲ ဖြစ်နေကာ ဆားပြတ်လပ်မှု ကြုံနေခြင်း ဖြစ်ကြောင်း သိရသည်။

လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက  “ ဆားပြတ်နေတာ မှန်တယ်၊ ဆိုတာက ကျွန်တော်တို့က ဒီအချိန်တွေ ဆိုရင် လည်း နန်ပေါင်မှာ(အိန္ဒိယဘက်ခြမ်း) တစ်ပတ်တစ်ကြိမ် ဆားလေးတွေ ဝယ်ပြီးတော့ အသုံးပြုရတာပေါ့။အခုက ရက် အကန့် အသတ်မရှိ ကျန်းမာရေးကြောင့် ဟိုဘက်ကိုလည်း ဝင်ခွင့်မပြု၊ ဒီဖက်ကိုလည်း ဟိုဘက်က လူကို ဝင်ခွင့်မပြု ပိတ်လိုက်တဲ့ အခါကြတော့ ကျွန်တော်တို့က အဓိက ဒီနန်ပေါင်ကိုပဲ အမှီပြုရတာပေါ့၊ အခုက ခက်ခဲသွားတာပေါ့”ဟု ပြော သည်။

လက်ရှိတွင် နန်းယွန်းဘက်မှ ဝင်လာသည့် စားသောက်ကုန်များကို ဝယ်ယူ သုံးဆွဲနေရကြောင်း၊ ထိုသို့ နန်းယွန်းဘက်မှ စားသောက်ကုန်များ ဝယ်ယူနေသည့်အခါမှာလည်း နန်းယွန်းဘက်တွင် မိုးရွာသွန်းနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လာခြင်းကြောင့် ပစ္စည်းသယ်မှု တန်ဆာခများမြင့်တက်လာကာ စားသောက်ကုန် ဈေးများလည်း ဈေးတက်မှုများ ကြုံနေရ ကြောင်း ၎င်းက ပြောသည်။

ပန်ဆောင်မြို့မှ ကျောင်းဆရာမ မရွှန်းနားက “ဆားက ပြတ်တယ်လေ လုံးဝပြတ်သွားတာတော့ မဟုတ်ဘူး၊ဟို တနေ့က ဆားကုန်သွားလို့ သွားဝယ်တာ တစ်ဆိုင်မှ မရှိဘူး။ နှစ်ဆိုင်မှာတော့ရှိတယ်၊ တစ်ဆိုင်က မြန်မာဆား၊ တစ်ဆိုင်က အိန္ဒိယ ဆား။ ခါတိုင်း ရူပီး ၂၀ မြန်မာငွေ ၃၀၀ နဲ့ရတယ်၊ ဒီမနက် မေးကြည့်တော့ ၅၀၀ ဖြစ်နေတယ်”ဟု ပြောသည်။

ပန်ဆောင်မြို့ရှိ ဒေသခံများသည် စားသောက်ကုန် ဝယ်ယူရေးကို အိန္ဒိယဘက်ခြမ်းက  နန်ပေါင်မြို့ကိုသာ အဓိက အားထားနေရခြင်းဖြစ်ကြောင်း၊ ထိုသို့ အားထားရခြင်းကလည်း နန်းယွန်းဘက်ကထက် နန်ပေါင်ဘက်က လမ်းပန်း ဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး ကုန်ဈေးနှုန်း ချိုသာခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာဘက်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသလို ကုန်ဈေးနှုန်းကြီးနေကြောင့် မဝယ်ယူခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပုံ -    ပန်ဆောင်ဒေသခံများကို တွေ့ရစဉ် (ပုံ-mapio.net)

ကျောင်းဆရာမ မရွှန်းနားက “အိန္ဒိယဖက်ကပဲ သုံးတာများတယ်လေ၊ အခုက မြန်မာပြည်ဖက်က တနိုင်းဖက်နဲ့ ကားပြေး တယ်လေ၊ အဲ့တာနဲ့ပဲ မှာပြီး ဝယ်ရတယ်လေ။ အခုလိုပိတ်လိုက်တော့ မြန်မာပြည်ဖက်က ဘာပဲဖြစ်ဖြစ် ကုန်ဈေးနှုန်းက များတယ်လေ၊ အိန္ဒိယဘက်က တစ်ဆယ်နှစ်ဆယ်က အစသုံးလို့ရတယ်လေ၊ စားသောက်ကုန်ကအစ ခရမ်းချဉ်သီး၊ ကြက်သွန်ကအစ အိန္ဒိယဘက်ကပဲ ဝယ်သုံးတာကိုး။ အစစအရာရာ ဆားကအစ ကုန်စိမ်း တွေရောပါတယ်လေ၊ ဟိုဘက်က ပိတ်လိုက်တော့ မြန်မာဘက်က သာမန် လူတန်းစားတွေက ဝယ်မစားနိုင်ဘူးလေ ”ဟု ပြောသည်။

လက်ရှိတွင် အိန္ဒိယ-မြန်မာ နန်ပေါင်နယ်စပ်ဂိတ် ပိတ်လိုက်ခြင်းကြောင့် ပန်ဆောင်မြို့မှ ဒေသခံများသည်  တနိုင်းနှင့် နန်းယွန်းမြို့က စားသောက် ကုန်များကိုသာ ဝယ်ယူ သုံးစွဲနေရသည်။

ပန်ဆောင်မြို့မှ ဈေးသည် ဒေါ်ခွန်းနှင်းက “နယ်စပ်ဂိတ် ပိတ်လိုက်တော့ စားသောက်ကုန်တွေ ပြတ်ကုန်တယ်၊ အခုလည်း ဆားက ကုန်တော့မှာ ကုန်တွေက တနိုင်းကမှာရတာ ဝေးတယ်လေ”ဟု ပြောသည်။

ပန်ဆောင်ဒေသခံများသည် ဆားကို ဟင်းချက်စရာများတွင် ထည့်သွင်း ချက်ပြုတ်ခြင်း အပါအဝင် ကျွဲ-နွားများကို ကျွေးခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတ်မြေသြဇာအဖြစ် အသုံးခြင်း စသည့် နေရာများတွင် အဓိက သုံးစွဲ လျက်ရှိကြောင်း သိရသည်။

ပန်ဆောင် ဒေသခံများသည် နှစ်နိုင်ငံ ဈေးသည်များ အတူတကွ လာရောက် အရောင်းအဝယ် ပြုလုပ်နိုင်သည့် ပန်ဆောင် (နယ်စပ်ဈေး)ဈေးကို  အဓိက မှီခို အားထားနေရကြောင်း၊ ထိုဈေးမှာ ၁၀ ရက်နေ့တွင် တစ်ကြိမ်၊ ၂၀ ရက်နေ့တွင် တစ် ကြိမ်၊ ၃၀ ရက်နေ့တွင် တစ်ကြိမ် တစ်လလျှင် သုံးကြိမ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

နန်ပေါင်လမ်း ဖွင့်ထားလျှင် စားသောက်ကုန်အတွက် အခက်အခဲ မရှိပေမယ့် ကျန်းမာရေးအရ ပြန်ဖွင့်၍ မရသေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက  ပြောသည်။

“ကျွန်တော်တို့က ဒီလမ်းတွေကို ဖွင့်လိုက်မယ်ဆိုရင်၊ စားဖို့သောက်ဖို့က အဆင်ပြေတယ်ဆိုပေမယ့် ကျန်းမာရေးက ပိုဂရု စိုက်ရတယ်လေ၊ ကျွန်တော်တို့ ဒေသမှာ ကူးစက်ရောဂါ ရောက်ပြီဆိုရင် အားလုံး သေကုန်မှာပေါ့ဗျာ။ ပွင့်ပွင့် လင်းလင်း ပြောရရင် ကျွန်တော်တို့ ဒေသဆို ပိုဆိုးတာပေါ့။ ဆေးခန်းတွေမှာလည်း ဘာဆေးဝါး ပစ္စည်းမှ မပြည့်စုံဘူး၊ ဆရာ/ဆရာမ တွေလည်း လုံလုံလောက်လောက် မရှိဆိုတဲ့အခါကျတော့ အချိန်မှီ ဆေးကုနိုင် မှာလည်း မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

လတ်တလောတွင်  နန်ပေါင်နယ်စပ်ဂိတ်အား COVID-19 ရောဂါ ကာကွယ်သည့်အနေဖြင့် အိန္ဒိယဘက်က ရက် အကန့် အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly