ကမ္ဘောဇဘဏ်မှ မျက်နှာစည်း Mask အခုရေ ၄သိန်း လှူဒါန်းမည်

မတ်၂၃၊ ရန်ကုန်။         ။ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ကမ္ဘောဇဘဏ်မှ မြန်မာငွေ ကျပ် သိန်း ၂၀၀၀ကျော်တန်ဖိုးရှိ  သုံးထပ်ချုပ်မျက်နှာစည်း (3 PlySurgical Mask) အခုရေ လေးသိန်းကို ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

 အဆိုပါ မျက်နှာစည်း (Mask)များကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီး၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်းထမ်းများ၊ သံသယလူနာနှင့် ကူးစက်ခံရသော လူနာများ ရှိပါကလည်း အသုံးပြုနိုင်ရန် ပြည်ပမှ ကြိုတင်ဝယ်ယူ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

 ပြည်တွင်းဈေးကွက်တွင် ပစ္စည်းရှားပါး၊ ပြတ်လပ်မှုမရှိစေရန် တရုတ်နိုင်ငံမှ တိုက်ရိုက်ဝယ်ယူခဲ့ပြီး အဆိုပါ မျက်နှာစည်း mask လေးသိန်း ယခုအပတ်အတွင်းမြန်မာနိုင်ငံသို့ရောက်ရှိလာပါကလှူဒါန်းသွားမည်ဖြစ်သည်။
ယခုမတ်လအတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်များမှဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်အတွက်ရည်ရွယ်ထူထောင်ထားသည့် ရန်ပုံငွေသို့ ငွေကြေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြသည်။

 လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ကုသရေးအတွက် လိုအပ်လာနိုင်သည့် ဆေးဝါးပစ္စည်းများ လောက်ငှမှုရှိစေရန်၊ စောင့်ကြည့်လူနာ၊ သံသယလူနာ ထားရှိရမည့် ဆေးရုံနေရာများကို ကြိုတင် ပြင်ဆင်နေကြပြီး ကျန်းမာရေးဝန်ထမ်းအချို့က ၎င်းတို့၏ ဆေးရုံတွင် Mask မလောက်လောက်မှုနှင့် အခြား ဆေးရုံလိုအပ်ချက်များရှိကြောင်း ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာများမှ တစ် ဆင့်လူထုကိုအသိပေးမှုများရှိခဲ့သည်။

 မတ်လ ၂၂ရက်နေ့၊ ညရှစ်နာရီခွဲ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်  ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ (၂၀၀)ကျော်ရှိပြီး စောင့်ကြည်လူနာထဲမှ အခြားရောဂါဖြင့် သေဆုံးသူ ၁၂ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly