ကိုဗစ်-၁၉ ခြိမ်းခြောက်မှုကို တုံ့ပြန်တိုက်ခိုက်ရန် ပြင်းထန်ထိရောက်သော အရေးယူဆောင်ရွက်မှုလိုအပ်

ကိုဗစ်-၁၉ ခြိမ်းခြောက်မှုကို တုံ့ပြန်တိုက်ခိုက်ရန် ပြင်းထန်ထိရောက်သော အရေးယူဆောင်ရွက်မှုလိုအပ်

မြန်မာနိုင်ငံအတွက်ဆုံးဖြတ်ချက် တစ်ခုချဖို့လိုနေပြီ။ လူကြိုက်များမှာမဟုတ်ပေမယ့် ကြီးမားပြင်းထန်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုလုပ်ဖို့ လိုနေပြီဖြစ်သည်။ ယခုထိ ကိုဗစ်-၁၉ သံသယလူနာအနည်းငယ်သာတွေ့ ရသေးသော်လည်း စစ်ဆေးစမ်းသပ်မှုများ ပိုလုပ်လာနိုင်ပြီး လူ့အသိုင်းအဝိုင်းအတွင်း အချင်းချင်းကူးစက်မှုများဖြစ်ပေါ်လာပါက ကိုဗစ်ကူးစက်လူနာအရေအတွက် အလျင်အမြန်တိုးလာပြီးတိုင်းပြည်အတွက် ကြီးမား လှသောဘေးဆိုးကြီးကို ကြုံကြရလိမ့်မည်။

မကြာမတင်ဖြစ်လာနိုင်ဖွယ်လည်းရှိသည့် အဆိုးဆုံးအခြေအနေကိုရှောင်ရှားနိုင်ဖို့ဆိုလျှင် ကိုဗစ်-၁၉ခြိမ်းခြောက်မှုကို အသိဉာဏ်ရှိရှိကြိုတင်တုံ့ပြန်ဆောင်ရွက်ရတော့မည်ဖြစ်သည်။

ယခုအချိန်အထိဆောင်ရွက်မှု အချို့ကိုလုပ်ဆောင်ထားခဲ့ပြီးဖြစ်သော်လည်း သင်္ကြန်ပွဲများပိတ်ပင်ခြင်း၊ပွဲလမ်းသဘင်များ၊ ၁၀ ယောက် ထက်ပိုသည့်လူစုလူဝေးများကိုပိတ်ပင်ခြင်းတို့လိုဆောင်ရွက်မှုများကို နောက်ထပ် ထပ်မံပြုလုပ်ဘို့လိုပါ သည်။ ထို့အပြင် လူတစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်( ဖြစ်နိုင်ပါက ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးခြင်း) တို့ကို အနှစ်သာရရှိရှိလုပ်ဖို့လိုသည်။

ဗိုင်းရပ်စ်အန္တရာယ်ကို ထိုသို့အသိဉာဏ်ရှိရှိ ကြိုတင်တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံများက ထိုသို့ မလုပ်နိုင်ခဲ့သည့်နိုင်ငံများလောက် ဗိုင်းရပ်စ်ဒဏ်မခံခဲ့ရသည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံမှနှစ်သစ်ကူးပွဲ လို၊လူဝီစီယားနား ပြည်နယ်မှ Mardi Gras တို့လို၊ လူစုလူဝေးများကို မတားဆီးနိုင်ခဲ့သည့်အတွက်လူအများကို အန္တရာယ်ကျရောက်စေခဲ့သည်။ လူဝီစီယားနားသည် ယခုအခါအမေရိကန်ပြည်ထောင်စုတွင်ဗိုင်းရပ်စ်ဒဏ် ခံရသည့်အဓိက နေရာဖြစ်နေပြီ။

ထို့ပြင်မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများသည် ဗိုင်းရပ်စ်ပိုးအလျင်အမြန်ပျံ့ပွားရေးအတွက်ရောဂါပိုးပေါက်ပွားပြန့်ပွားရာ အလားအလာရှိသောနေရာများဖြစ်နေသည်။

ရန်ကုန်နှင့်တုံ့ပြန်မှုနှေးကွေးပြီး မှားယွင်းခဲ့သည့် နယူးရောက်မြို့တို့ကို နှိုင်းယှဉ်ကြည့်လျှင်ထိုအချက်ကိုတွေ့နိုင်သည်။ ဗိုင်းရပ်စ်အဖျားအလွန်လျင်မြန်သောအရှိန်နှင့် လူအများအပြားကိုကူးစက်ပျံ့ပွားခဲ့သည်ကိုကြည့်လျှင် နယူးရောက်မြို့ကိုကိုရိုနာကပ်ဘေးကူးစက် ပျံ့ပွားမှုစံတင်လေ့လာစရာနေရာအဖြစ် တွေ့နိုင်သည်။ ထို့ပြင်နယူးရောက်မြို့နှင့်ရန်ကုန်မြို့ နှစ်ခုလုံးသည်သက်ဆိုင်ရာနိုင်ငံများ၏စီးပွားရေးဗဟိုအချက်အချာနေရာများ ဖြစ်နေသည်ကလည်း ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ပါ။

နယူးရောက်မြို့တွင်လူဦးရေ ၈.၅ သန်းနေထိုင်ပြီး လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းကီလိုမီတာလျှင်လူဦးရေ ၁၀,၂၀၀ နေထိုင်သည်။ ရန်ကုန်မြို့တော်ဧရိယာတွင် လူဦးရေ ၇.၅ သန်းနေထိုင်ပြီး လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၂,၃၀၀ နေထိုင်နေသည်။ ၂၀၁၅ ခုနှစ်အထိမြန်မာတစ်နိုင်ငံလုံးတွင် ဆေးရုံခုတင် ၅၀,၀၀၀ သာရှိသည်။

နယူးရောက်မြို့တော်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာကို တွေ့ရှိကြောင်း မတ်လ ၁ ရက်နေ့ကကြေညာခဲ့သည်။ မတ်လ ၂၀ ရက်သို့ရောက်သောအခါ တစ်ပတ်အတွင်း ၈၀၀ မှ ၈,၀၀၀သို့တိုးလာခဲ့သည်။ ကူးစက်လူနာ အမြင့်ဆုံးပမာဏသို့ရောက်ရန် တစ်လခန့််လိုသေးသည်။ ၄၅ရက်အတွင်း နယူးရောက်မြို့တော်သည်ဆေးရုံခုတင် ၁၁၀,၀၀၀ လိုအပ်လိမ့်မည်၊ယင်းပမာဏသည် ယခုလက်ရှိထက် နှစ်ဆဖြစ်သည်ဟု မြို့ တော်ဝန် Andrew Cuomo က မတ်လ ၁၈ရက်နေ့ကပြောကြားခဲ့သည်။ ထိုမျှမက ကြပ်မတ်ကုသဆောင် (ICU) ခုတင် ၃၇,၀၀၀ လိုအပ်မည်၊အသက်ရှူစက် (ventilator) အရေအတွက် လက်ရှိထက် ၁၀ ဆ လိုလိမ့်မည်ဖြစ်သည်ဟု သူကပြောခဲ့သည် (၃၀,၀၀၀ နှင့် ၃,၀၀၀ ကိုနှိုင်းယှဉ်ကြည့်ပါ)။

ဖြစ်ပေါ်လာနိုင်သည့် ကိုဗစ်-၁၉ ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်မှုနောက်ကျခဲ့သည့်အတွက်ယခုအခါပိုမို ကြီးမားကျယ်ပြန့်သော အရေးယူဆောင်ရွက်မှုများကို လုပ်နေရပြီဖြစ်သည်။အများပြည်သူသွားလာသည့် နေရာများ အဆောက်အဦများကို ပိတ်လိုက်ရပြီဖြစ်သည်။မရှိမဖြစ်မဟုတ်သည့်လုပ်ငန်းများမှ ဝန်ထမ်းများကို အိမ်မှနေပြီး အလုပ်လုပ်စေရပြီ။အရက်ဘားနှင့်စားသောက်ဆိုင်များအားလုံးကို ပိတ်လိုက်ရပြီဖြစ်သည်။ ထိုသို့အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်လိုက်သည့်အတွက် တိုင်းပြည်၏စီးပွားရေးနှင့်ဘဏ္ဍာရေးဗဟိုအချက်အချာမြို့တော်ကြီးမှာ နေ့စဉ်လုပ်ငန်းဆောင်တာများ ကာလတစ်ခုအထိ ရပ်ဆိုင်းသွားရပြီဖြစ်သည်။ထို ကာလမှာ လပေါင်းများစွာလည်းကြာနိုင်သည်။ ထိုသို့လုပ်ဆောင်လိုက်ရသည့်အတွက် စီးပွားရေးအရ ဆုံးရှုံးရမှုများ မခန့်မှန်းနိုင်လောက်အောင်ဖြစ်ပေါ်စေခဲ့သည်။ဗိုင်းရပ်စ်ကြောင့် လူမသိသူမသိ သေဆုံးသွားရသည့် လူနာများအကြောင်း ကိုကားထည့်ပြောဖို့ပင်မလိုပါ။

ဗိုင်းရပ်စ်ပိုးအန္တရာယ်ခုခံကာကွယ်ရေးကို အရေးတကြီး အလျင်အမြန်မဆောင်ရွက်နိုင်ခဲ့သည့်အမေရိကန်၊ ဥရောပနိုင်ငံအများစု၊ အီရန်နှင့် အခြားနိုင်ငံများကိုကြည့်လျှင် ထိုင်ဝမ်၊ စင်္ကာပူ၊ဟောင်ကောင်နှင့် တောင်ကိုး ရီးယားနိုင်ငံတို့၏အခြေအနေနှင့် အလွန်ကွာခြားသည်ကိုတွေ့ရလိမ့်မည်။ထိုနိုင်ငံများ၌ ကပ်ရောဂါဘေးအန္တရာယ်ကို နှိုင်းယှဉ်ချက်အားဖြင့် ကန့်သတ်ထားနိုင်သည်၊ထိန်းသိမ်းထားနိုင်သည်ကိုတွေ့ရသည်။ထိုင်ဝမ်တွင် ယခုအချိန်အထိ ဗိုင်းရပ်စ်ပိုးကူးစက်သည့်လူနာ ၁၀၀ ကျော်သာတွေ့ရသေးသည်။

တရုတ်အာဏာပိုင်များ ဗိုင်းရပ်စ်အန္တရာယ်ကို အတည်ပြုမကြေညာခင်ကတည်းက ရက်ပေါင်းများစွာကြိုပြီးလက်ဦးမှုယူ တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့သည့်အတွက်ကူးစက်မှုအလျင်အမြန် မဖြစ်ပွားအောင် တားဆီးကာကွယ်နိုင်ခဲ့ ခြင်း ဖြစ်သည်။

စောစီးစွာတုံ့ပြန်ဆောင်ရွက်ခြင်း၊ ရောဂါပိုးစစ်ဆေးခြင်းကို နေရာအနှံ့ဆောင်ရွက်နိုင်ခြင်း၊ နည်းပညာအသုံးပြုကာ ရောဂါပိုးကူးစက်ခံရသူနှင့် ထိတွေ့မှုရှိခဲ့သူများကို ခြေရာခံနိုင်ခဲ့ ခြင်း(ဒေတာအစုအများအပြားကို အသုံးပြု ဆောင်ရွက်သည့်နည်း)၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊လုပ်နိုင်ကိုင်နိုင်သည့် ဗဟိုအမိန့်ပေးစနစ်ရှိြခင်းတို့ကြောင့် အဆိုပါကျွန်းနိုင်ငံလေးကထိုသို့ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားတိုင်း၏ လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွားလာခဲ့မှု မှတ်တမ်းအချက်အလက်ကို ထိုင်ဝမ်အာဏာပိုင်များက ရယူနိုင်သည်။ အန္တရာယ်များသည့်ဒေသများသို့ သွားလာခဲ့သူများကို မိမိဘာသာ သီးခြားခွဲနေရန် ညွှန်ကြားနိုင်သည်။ အိမ်တွင်သာနေထိုင်ရန်အမိန့်ပေးထားသူများကိုလည်း မိုဘိုင်းဖုန်းမှတစ်ဆင့်စောင့် ကြည့်နိုင်သည်။

ကပ်ဘေးကျရောက်ကူးစက်ပျံ့ပွားမှုများကိုလည်း သူ့နိုင်ငံသားများအားလုံး သိရှိရန် ထိုင်ဝမ်အစိုးရကအလွန်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ နေ့စဉ်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲများ၊သမ္မတရုံးမှ ပုံမှန်ထုတ်လွှင့် ပေးချက်များ၊ဆိုရှယ်မီဒီယာတွင် တောက်လျှောက်ဖော်ပြပေးနေခြင်းများဖြင့် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ပြည်သူများသို့ ထုတ်ပြန်ပေးသည့် သတင်းအချက်အလက်များမှာ ယေဘူယျအားဖြင့်ရိုးရှင်းတိကျသည်။ လက်ဆေးဘို့အရေးကြီးကြောင်း၊ မျက်နှာဖုံးအကာအကွယ်တပ်ဘို့လိုကြောင်း၊ လူတစ်ဦးနှင့်တစ်ဦးခပ်ခွာခွာ နေဖို့ လိုကြောင်း၊ လူစုလူဝေးများကိုရှောင်ဖို့လိုကြောင်း၊ ပစ္စည်များ အများအပြားဝယ်ယူစုဆောင်းဖို့ မလိုကြောင်း တိတိကျကျရိုးရိုးရှင်းရှင်းအသိပေးနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်ရချိန်တွင်အချို့နိုင်ငံများက သိပ္ပံပညာလေ့လာချက်များကို အလေးထားခဲ့ကြသည်။ ဗိုင်းရပ်စ်ပိုးသည်ပူပြင်းစွတ်စိုသည့်ဒေသများ၌ သိပ်မပြင်းထန် အန္တရာယ်လည်းနည်း သည်ဟုပြော ဆိုခဲ့ကြသည်။သို့သော် သူတို့သည် ကပ်ရောဂါပျံ့ပွားဖြစ်ပွားခဲ့သောနေရာများနှင့် နီးနီးကပ်ကပ်ရှိခဲ့သောဒေသများမှ လူများအကြား ကြီးမားထူးခြားစွာ အချင်းချင်းကူးစက်ပျံ့ပွားမှုနှင့်ဒေသတစ်ခုနှင့်တစ်ခု အကြားခရီးသွား လာမှုများကြောင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့ကူးစက်နိုင်မှုအန္တရာယ်များကို သူတို့လျှော့တွက်ခဲ့ကြ သည်။

ယေဘုယျအားဖြင့်ပြောရလျှင် မြန်မာနိုင်ငံသည် ထိုအမျိုးအစားနှင့်ကိုက်ညီသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမြေပြန့်ဒေသနှင့် တောင်ပိုင်းဒေသများအကြား ရာသီဥတုကွာခြားချက်မှာကြီးမားသည်။မည်သို့ပင်ဖြစ်စေ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးနှင့် ရာသီဥတုအကြောင်း သိပ္ပံဆိုင်ရာငြင်းခုံမှုများမှာအကင်းမသေသေး။ ပူနွေးသောရာသီဥတုနှင့်ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုနှုန်း လျော့နည်းသက်သာခြင်းတို့အကြား ဆက်စပ်မှုကို ဆွေးနွေးငြင်းခုံကြ ဆဲဖြစ်သည်။

ဩစတြေးလျလူမျိုး ကူးစက်ရောဂါဆိုင်ရာ ကလေးအထူးကုဒေးဗစ် အိုင်းစက် (David Issacs) က ဂလုပ်နှင့် မေးလ် (The Globe and Mail)သတင်းစာတို့ကို ဤသို့ပြောသည်။ “အခုလောလောဆယ်တော့ ကိုရိုနာဗိုင်း ရပ်စ်ပိုးကူးစက်ပျံ့ပွားမှုကရာသီနဲ့မဆိုင်ဘူး။ တစ်နေရာနဲ့တစ်နေရာ ရောဂါဖြစ်ပွားမှုကွာခြားချက်ကဘယ်လောက်စောစော ရောဂါပိုးကူးစက်ခံထားရတာကိုတွေ့သလဲနဲ့ ဘယ်လောက်မြန်မြန်အရေးယူ ဆောင်ရွက်သ လဲဆိုတာပေါ်ပဲ မူတည်တယ်။ ခင်ဗျားဒီလိုလုပ်နိုင်ရင်ကူးစက်မှုကို ကန့်သတ်ထားနိုင်မှာဖြစ်တယ်။”

မည်သို့ပင်ဖြစ်ပါစေ ပိုမိုပူနွေးသောရာသီဥတုကြောင့်တော့ထိုင်းနိုင်ငံအဖို့ ရောဂါပြန့်ပွားမှုနှိုင်းယှဉ် ချက်အရနှေးကွေး ခဲ့သည်မှာတော့ ဖြစ်နိုင်ဖွယ်ရှိပါသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စစ်ဆေးသည့်ဌာနပေါင်း ၃၅ ခုရှိပြီး အနောက်တိုင်းကူးစက်ရောဂါပြန့်ပွားမှုပညာရှင်များအလိုအရ ရောဂါခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်တိုက်ခိုက်ရန် ထိထိ‌ရောက်ရောက်တုံ့ပြန်နိုင်သည့်အနေအထားဖြစ်သည်။ မတ်လ ၂၁ ရက်အထိ ကူးစက်ခံထားရသူအရေအတွက်တရားဝင်ထုတ်ပြန်ချက်အရ ၈၉ ဦးရှိပြီးလွန်ခဲ့သောရက်သတ္တပတ်များအထိ မရှိပါဘူးဟု ဖုံးကွယ်ထားခဲ့ရာမှ ဖူးကက်ကျွန်းတွင် ကိုဗစ်-၁၉ကူးစက်မှုတွေ့ရှိပါသည်ဟု ထုတ်ပြန်ကြေညာခဲ့ရသည့် အတွက်လည်း ယခုတိုင်ဖြေရှင်းနေရဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင်သာ ကိုဗစ်-၁၉ ရောဂါပိုးအရှိန်အဟုန်ဖြင့်ရောက်ရှိလာပါက ထိုရောဂါကိုတုံ့ပြန်တိုက်ခိုက်ရန်လိုအပ်သောဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ မြန်မာနိုင်ငံတွင်မရှိပါ။ အထူးသဖြင့် မြို့ပြဒေသများတွင် အလုပ် လက်မဲ့ပြဿနာက တစ်ရှိန်ထိုး ထိုးတက်သွားမည်။ ပြည်တွင်းကုန်ပစ္စည်းပြတ်လပ်မှုနှင့် ပို့ကုန်ပစ္စည်းထုတ်လုပ်ရေးများ အလွန်ကြီးမားပြင်းထန်စွာထိခိုက်လိမ့်မည်။ သွားလာမှုကန့်သတ်ခံရ ခြင်း၊ဘဏ္ဍာရေးအ ရဆုံးရှုံးရခြင်း၊အခြေခံအိမ်သုံးပစ္စည်းများနှင့် အစားအသောက်များ ပြတ်လပ်သွားခြင်းတို့ကြောင့်လူထု၏အထွေထွေမကျေနပ်မှုများလည်း ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။

တိုတိုပြောရလျှင် ယခုတော့ တစ်မြို့လုံးကို အဝင်အထွက်အားလုံး ပိတ်ထားလိုက်ရခြင်း (lock down) နှင့်အခြားတိုင်းပြည်နေရာအတော်များများတွင် ထိုသို့ပိတ်ဆို့ကန့်သတ်လိုက်ရခြင်းမျိုးတို့လိုကြီးမားပြင်းထန်သည့် ကာကွယ်ရေးအစီအမံတွေ မလုပ်ဆောင်ရအောင်လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ လုပ်ဖို့လိုနေပါပြီ။ တိုင်းပြည်တစ်ခုလုံးကို၊စီးပွားရေးအချက်အခြာနေရာများကို ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြန့်ပွားတိုက်ခိုက်အနိုင်ယူသွား မည့်ဘေးကို နှိမ်နင်းရန် လုံးဝလိုအပ်နေပါပြီ။

ကမ္ဘာ့ကပ်ရောဂါဘေးကိုနှိမ်နင်းရန် လက်ရှိချမှတ်ထားသောမူဝါဒများနှင့်လပေါင်းများစွာ လုံးဝဥဿုံချမှတ်လိုက်ရမည့် အရေးပေါ်အခြေအနေကြေညာရလျှင် ပေါ်ပေါက်လာမည့် ရိုက်ခတ်မှုများအကြားမဆိုစလောက် မကျေနပ်မှုများအပေါ် အဆိုးနှင့်အကောင်းကို ရှင်းပြနေစရာပင်မလိုကြောင်းနောက်ဆုံးအနေနဲ့ပြောလိုပါသည်။ လက်ရှိအခြေအနေအရဆိုလျှင်အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာပြည်ပင်မ မြေပြန့်ဒေသ များတွင် ပြိုင်ဘက်မရှိရပ်တည်နေသည်။ လာမည့်နှစ်ကုန်တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲများတွင် သူ့ကိုယှဉ်ပြိုင်နိုင်မည့် နိုင်ငံရေးအစုအဖွဲ့မရှိနိုင်သေးပါ။

သို့သော်ကိုဗစ်-၁၉ အကျပ်အတည်း လုံးဝဥဿုံပေါက်ကွဲထွက်ပေါ်လာလျှင်တော့ နောက်ဆက်တွဲလိုက်ပါလာမည့်လူတစ်ဦးချင်းအနေဖြင့် ကျန်းမာရေးအရ စားဝတ်နေရေးအရ လွတ်လပ်မှုအရ သုခချမ်းသာအရနှင့် ဘဏ္ဍာရေး အရ ဆုံးရှုံးမှုများတို့ကြောင့် မဲဆန္ဒရှင်ပြည်သူတို့ကလည်းဤပါတီသည် နိုင်ငံကိုအုပ်ချုပ်ရန် အခွင့်အာဏာရှိပါသေး၏လောဟု မေးခွန်း ထုတ်လာနိုင်ပါသည်။

နေပြည်တော်ကဤအန္တရာယ်ကိုရင်ဆိုင်လိုပါ့မလား။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly