"လူထုနဲ့က မိသားစုလိုဖြစ်နေတဲ့ သဘောမျိုးရှိတယ်"

မွန်ပြည်နယ်အစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီးဒေါက်တာတိုးတိုးအောင်သည် ပြည်နယ်လွှတ်တော် မော်လမြိုင်မြို့ မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲဝင်မည်ဖြစ်သည်။

၁၉၉၆ တွင် ရန်ကုန်ဆေးတက္ကသိုလ်(၂) မှ ဘွဲ့ရပြီးနောက်  ဒေါက်တာတိုးတိုးအောင်သည်   မွန်ပြည်နယ်၊  ကျန်းမာရေးဦးစီးဌာနတွင် ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ မဝင်ခင်အချိန်အထိ တာဝန်ထမ်းခဲ့ သည်။

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်း၊ ၄၅ နှစ် အရွယ် ဒေါက်တာတိုးတိုးအောင်ကဒေသတွင်းမဲဆွယ်စည်းရုံးမှု အခြေအနေ၊ အနာဂတ်မျှော်မှန်းချက်၊ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့၏လှုပ်ရှားမှုနှင့် နိုင်ငံရေးပါတီစသည့် အကြောင်းအရာများကို Myanmar Now သို့ မကြာသေးခင်ကပြောပြထားသည်။သတင်းထောက် ဖြိုးသီဟချိုကမော်လမြိုင်မြို့ရှိပါတီ၏ ပြည်နယ်ရုံးသို့ သွားရောက်တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး - ပြည်နယ်အစိုးရဝန်ကြီးတစ်ယောက်ကရွေးကောက်ပွဲဝင်ရာမှာဘယ်လိုအားသာချက်တွေနဲ့ အားနည်းချက်တွေနဲ့ ကြုံရသလဲ။

ဖြေ - ကျွန်တော်ကမဲဆန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေနဲ့ ၄နှစ်လုံးလုံးမထိတွေ့ခဲ့တဲ့ရပ်ကွက်မရှိဘူး။  မဲဆန္ဒနယ်မှာရှိတဲ့ ရပ်ကွက်ကျေးရွာအသီးသီးကိုလုပ်မပေးခဲ့ဖူးတဲ့နေရာမရှိဘူး။ (ပြည်ခိုင်ဖြိုးပါတီ မဖြစ်ခင်) ပြည်ခိုင်ဖြိုးအသင်းရဲ့အသင်းသားဘဝကတည်းကလူထုနဲ့နီးစပ်တဲ့ အတွက်ကြောင့် ကျွန်တော်နဲ့လူထုနဲ့ကမိသားစုလိုဖြစ်နေတဲ့သဘောမျိုးရှိတယ်။  လူထုအကျိုးကိုကိုယ်စားလှယ်ဖြစ် ရင်လည်းလုပ်မယ်။ အစိုးရအဖွဲ့ဝင်ဖြစ်ရင်လည်းဒီနှုန်းနဲ့ပဲသွားမယ်။ အစိုးရအဖွဲ့ဝင်မဖြစ်ခင်ကလည်းဒီနှုန်းနဲ့ပဲသွားခဲ့တယ်။ လူထုက ကျွန်တော့်ကိုနားလည်နေပြီ။ ဒီတော့ အစိုးရအဖွဲ့ဝန်ကြီးဖြစ်ရခြင်း ကအားသာချက်လို့မမြင်ပါဘူး။ 

မေး - မျိုးစောင့်ဥပဒေအောင်ပွဲတွေကိုမကြာသေးခင်ကမော်လမြိုင်မှာ ခြိမ့်ခြိမ့်သဲသဲလုပ်သွားတယ်လို့ သိရတယ်။ နိုင်ငံရေးပါတီတချို့ကပါတီဝင်တွေ ပါဝင်ကြတယ်လို့သိရတယ်။ ဒါကိုဘယ်လိုထင်ပါသလဲ။

ဖြေ -  အမျိုးဘာသာသာသနာကိုစောင့်ရှောက်တဲ့လူတွေထဲမှာ ကျွန်တော်တို့ပါတီကိုလက်ခံတဲ့လူရှိတယ်၊တခြားပါတီတွေကိုလက်ခံတဲ့လူတွေလည်းရှိမယ်၊ သူရဲ့ရွေးချယ်မှုပါပဲ။  ကျွန်တော်ကတော့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို နိုင်ငံရေးပါတီတစ်ခုနဲ့ လာဆက်နွယ်ပြီးမမြင်ပါဘူး၊ သူ့ဘာသာသူသီးခြားလှုပ်ရှားနေတဲ့ အဖွဲ့လို့မြင်တယ်။  နိုင်ငံရေးပါတီတွေက လည်းသူ့ပေါ် လစီနဲ့သွားနေတယ်လို့ပဲမြင်တယ်။   အခြားပါတီဝင်တွေကသူ့ဘာသာလုပ်တဲ့ ကိစ္စကကော်မရှင်ကဆုံးဖြတ်လိမ့်မယ်။ ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်ကျင့်ထုံးတွေရှိတယ်။ အဲဒါနဲ့ ငြိနေရင်တော့ ရွေးကောက်ပွဲကော်မရှင်ကအရေးယူရမယ့်အပိုင်းရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုတိုက်ရိုက်မထိခိုက်တဲ့ကိစ္စတွေကိုဘာမှ ကန့်ကွက်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရေးပါတီသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ တိုက်ရိုက်  ချိတ်ဆက်ဆောင်ရွက်နေတဲ့ဟာမျိုးမဟုတ်ပါဘူး။

မေး - အောက်ခြေပါတီဝင်တွေကရောမဘသအဖွဲ့မှာပါဝင်နေတာမျိုးတွေရှိပါသလား။

ဖြေ - ဒါကတော့ရှိနိုင်တာပေါ့။ ကျွန်တော်တို့ပါတီဝင်တွေ မော်လမြိုင်မှာဆိုသုံးသောင်းလောက်ရှိတယ်။ နိုင်ငံရေးပါတီမှာပါဝင်လှုပ်ရှားနေတဲ့အတွက် အမျိုးဘာသာသာသနာမှာ ဝင်မပါပါနဲ့လို့ ပြောခွင့် မရှိသလိုလှုပ်ရှားပါ လို့လည်းပြောခွင့်မရှိပါဘူး။ သူ့ရဲ့အခွင့်အရေးပါ။  

မေး -  အမျိုးသားအကျိုးစီးပွားဆိုတဲ့စကားလုံးကိုရှေ့တန်းတင်တဲ့ ပါတီတွေကိုရောဘယ်လိုမှတ်ချက်ပေးလိုပါသလဲ။

ဖြေ - ကျွန်တော်တို့အနေနဲ့ကတောကိုယ့်နိုင်ငံကိုယ့်လူမျိုးတိုးတက်ရာတိုးတက်ကြောင်းလုပ်ပေးနေတဲ့ ဘယ်လိုစည်းရုံးမှုမျိုးကိုမဆိုလက်ခံပါတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကိုယ့်နိုင်ငံကိုယ့် လူမျိုး အတွက်၊ ကျွန်တော့်နယ်မှာဆိုရင်လည်းတိုးတက်ရာတိုးတက်ကြောင်းအတွက် စည်းရုံးရေးတွေ လုပ်နေတဲ့အတွက်ကြောင့် ဒီမေးခွန်းကိုမှတ်ချက်မပေးလိုပါဘူး။

မေး - ၂ဝ၁ဝ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲနှစ်ခုမှာမဲဆွယ်စည်းရုံးရတာဘယ်လိုကွာသလဲ။

ဖြေ -  ၂ဝ၁ဝရွေးကောက်ပွဲကတော့ အစိမ်းပေါ့။ ဘာအတွေ့အကြုံမှမရှိခဲ့ဘူး။  ကျွန်တော်တို့ဝင်ပြိုင်ပြီးတော့ နိုင်တယ်၊အတွေ့အကြုံတစ်ခုရတယ်။  အဲဒီကအားသာချက်တွေကိုထုတ်သုံးပြီး  ၂ဝ၁၅ ရွေးကောက်ပွဲမှာအားနည်းချက်တွေကိုဖယ်ထုတ်လိုက်တယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်အရွေးခံရရင် ဘာဥပဒေတွေများပထမဆုံးတင်သွင်းချင် ပါသလဲ။

ဖြေ - လွှတ်တော်ကပြုထားတဲ့ စည်ပင်သာယာဥပဒေမှာအဟန့်အတားလေးတွေ ရှိနေတယ်။  ပြည်သူတိုက်ရိုက်ပူးပေါင်းပါဝင်မယ့်အခန်းကဏ္ဍလေးတွေ ဒီဥပဒေမှာနည်းနေတာတွေ့ရတယ်။ စည်ပင် သာယာရေးကော်မတီနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေလည်းဒီထဲမှာပါဝင်နိုင်မှုအားနည်းနေတာတွေ့ရတယ်။ ပထမဆုံးလုပ်ချင်တာကတော့ စည်ပင်သာယာဥပဒေကို အများပြည်သူ ကဝင်ရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ ပေးချင်တယ်။ လူတိုင်းလက်ခံနိုင်မယ့်အချက်တွေ ထည့်ချင်တယ်။  ခြုံပြောရင်တော့ စည်ပင်သာယာဥပဒေကို ပြန်ပြင်ချင်တယ်။

မေး - မဲဆွယ်တဲ့အခြေအနေပြောပြပါဦး။

ဖြေ - ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခြင်း ကာလစပြီဆိုတာနဲ့ ခုချိန်ထိနေ့စဉ် ရပ်ကွက်ကျေးရွာအသီးသီးကိုဆင်းတယ်။ စည်းရုံးရေးဆင်းတဲ့ပုံစံကတော့ ရပ်ကွက်ကျေးရွာအသီးသီးမှာရှိတဲ့ ကျွန်တော်တို့ ပါတီအမာခံတွေက အခြေပြုပြီး အဲဒီပါတီအမာခံတွေကတစ်ဆင့် ကျွန်တော်တို့ပါတီကိုစိတ်ဝင်စားတဲ့လူတွေ၊ ပါတီကိုလေ့လာနေတဲ့လူတွေ၊ ပါတီကိုလုံးဝစိတ်မဝင်စားတဲ့လူတွေအားလုံးကို  ကျွန်တော်တို့ ပါတီရဲ့ မူဝါဒသဘောထား၊  လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းကို လိုက်ရှင်းပြတဲ့အလုပ်ကို စတင်နေပါတယ်။

မေး - မဲဆွယ်ရာမှာဘယ်လိုကတိပေး၊ ဘယ်လိုပြောဆိုစည်းရုံးသလဲ။

ဖြေ - ကျွန်တော်ကမော်လမြိုင်သား။ မော်လမြိုင်မြို့ရဲ့အကျိုးကိုတခြားမြို့ကလူတွေထက်ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ပြည်သူလူထုအကျိုးကိုအရင်ကလည်းလုပ်ခဲ့တယ်၊ အခုလည်းလုပ်နေတယ်၊ နောက်လည်းလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပါ။  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင် အချိန်ကတည်းကဝါသနာပါပါနဲ့ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့လူဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကိုရှင်းပြပါတယ်။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly